တာချီလိတ်မြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

တာချီလိတ် ဒီဇင်ဘာ ၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်စဉ်များအား လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က ဟိုတယ်၊ မိုတယ်၊ တည်ခိုခန်း လုပ်ငန်းများအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းဆောင်ရွက်နိုင်ရန် ရှင်းလင်းခြင်း၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများအနေဖြင့် စက်မှု/ စီးပွားမြေဌား ဂရန်ရရှိထားရန် လိုအပ်ပြီး ခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သက်ဆိုင်သည့် စာရွက်စာတမ်းအထောက်အထားများနှင့် လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က ဟိုတယ်၊ မိုတယ်များအား အဆောက်အဦး ဆောက်လုပ်ခွင့်ပေးခြင်းနှင့် စားသောက်ဆိုင်လုပ်ငန်းလိုင်စင်များ ခွင့်ပြုချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလှိုင်ဦးက ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြခြင်း၊ ခရိုင်လဝကဦးစီးမှူး ဦးသန့်ဇင်က ဟိုတယ်၊ မိုတယ်များတွင် နိုင်ငံခြားသားများ လက်ရောက်တည်းခိုပါက ဧည့်စာရင်းမပျက်မကွက်တိုင်ကြားရန်၊ လာရောက်တည်းခိုပြီးနောက် ပြန်လည်ထွက်ခွာသည်ဖြစ်စေ သက်ဆိုင်ရာဌာနဆိုင်ရာများသို့ အကြောင်းကြားစေရန်နှင့် ဗီဇာသက်တမ်းကုန်ဆုံးသော နိုင်ငံခြားသားများလာရောက် တည်းခိုပါက လက်ခံခြင်းမပြုရန်  အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က ဟိုတယ်၊ မိုတယ်များကို မကြာမီ အချိန်အတွင်းမှာ စစ်ဆေးဆောင်ရွက်သွားမှာဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် လိုအပ်သောစာရွက်စာတမ်းများ ပြင်ဆင်ထားရှိရန် လိုအပ်ကြောင်းနှင့် မြို့နယ်အတွင်း ဧည့်စာရင်း စစ်ဆေးခြင်းများကို အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဟိုတယ်၊ မိုတယ်ဆိုင်းဘုတ် နာမည်များတွင် မြန်မာဘာသာစကားကို အကြီးဖြင့်တပ်ဆင်၍ နိုင်ငံခြားဘာသာစကားများကို အသေးဖြင့်သာ တပ်ဆင်သုံးစွဲသင့်ကြောင်းကိုလည်း ထည့်သွင်းရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)