ပြင်ဦးလွင် ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ခုတင်(၃ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာအုပ်စုသို့ အခမဲ့ ရောဂါရှာဖွေ ဆေးကုသပေးခြင်းလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး ညနေပိုင်းထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့၊ ခုတင်(၃ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်၍ အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် သူနာပြုများသည် အထွေထွေရောဂါကုသခြင်း၊ ကလေးလူနာများအားကုသခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကြည့်ရှုပေးခြင်း၊ မီးယပ်လူနာများအားကြည့်ရှုပေးခြင်း၊ သက်ကြီးရွယ်အိုများအား စောင့်ရှောက်ပေးခြင်း၊ ခွဲစိတ်လူနာများအားကြည့်ရှုပေးခြင်း၊ အရိုးနှင့်ထိခိုက်ဒဏ်ရာရလူနာများအား ကြည့်ရှုပေးခြင်း၊ အကြောအဆစ်နှင့်ပတ်သက်၍ကုသပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါများအားကုသပေးခြင်း၊ မျက်စိလူနာများအား စမ်းသပ်ကုသပေးခြင်း၊ မျက်မှန်အခမဲ့စမ်းသပ်လှူဒါန်းခြင်း၊ Ultrasound ရိုက်ကူးပေးခြင်း၊ ဓာတ်ခွဲစစ်ဆေးပေးခြင်း၊ ECG ဆွဲပေးခြင်း၊ ဆေးဝါးအခမဲ့ထုတ်ပေးခြင်းနှင့် Covid 19 Booster Dose ထိုးနှံခြင်း စသည့် စုစုပေါင်း လူနာ(၁၆၀၄)ဦးအား အခမဲ့ ရောဂါရှာဖွေဆေးဝါးကုသမှုပေးနိုင်ခဲ့သည်။
အဆိုပါ ဆေးကုသမှုများအပြီးတွင် ကျန်းမာရေးဝန်ထမ်းများက ကျေးရွာနေပြည်သူများအား ကူးစက်ရောဂါများ၊ မကူးစက်တတ်သော ရောဂါများအကြောင်းနှင့် ကျန်းမာရေးအသိပညာပေး သိကောင်းစရာများကို ဟောပြောခဲ့ကြသည်။
ကျေးလက်နေပြည်သူများအနေဖြင့် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီနိုင်ရန်၊ ကျေးလက်နေပြည်သူများအနေဖြင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို တစ်ချိန်တည်း တစ်နေရာတည်း (One Stop Service) ဝန်ဆောင်မှုရရှိစေရန်နှင့် ကျေးလက်နေပြည်သူများအနေဖြင့် ကျန်းမာရေးအသုံးစရိတ် လျှော့ချနိုင်ရန်ရည်ရွယ်၍ အခမဲ့ကွင်းဆင်းဆေးကုသမှုဖြစ်ပြီး ယခုကဲ့သို့ကွင်းဆင်း ဆေးကုသမှုသည် ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာလနောက်ပိုင်း တတိယအကြိမ်မြောက် ကွင်းဆင်းဆေးကုသခြင်းဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)