တံတားမြို့ ကဒပ္ပနကျေးရွာ၌ ဆောင်းသီးနှံသီးထပ်စွမ်းအားပြည့်စိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေးဟောပြောပွဲနှင့် မျိုးစေ့ချကိရိယာ (Seeder) သရုပ်ပြပွဲအခမ်းအနား ကျင်းပ

တံတား ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့ ကဒပ္ပနကျေးရွာအုပ်စု၊ ကဒပ္ပနကျေးရွာတွင် ဆောင်းသီးနှံသီးထပ်စွမ်းအားပြည့်စိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေးဟောပြောပွဲနှင့် မျိုးစေ့ချကိရိယာ (Seeder) သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါသရုပ်ပြပွဲတွင် တံတားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးရန်အောင်မျိုးထက်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးဝင်းထွန်းက  ခေတ်မီစိုက်ပျိုးနည်းပညာများကို စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပညာရှင်ဝန်ထမ်း များနှင့်ချိတ်ဆက်၍ရယူကာ မိမိစိုက်ခင်းများတွင် လက်တွေ့ကျင့်သုံးခြင်းဖြင့် တစ်ဧကအပေါ် အထွက်နှုန်းတိုး၍ အကျိုးအမြတ်ပိုမိုရရှိစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် တက်ရောက်လာသော အကျိုးဆောင်တောင်သူဦးကြီးမှတစ်ဆင့် တောင်သူအချင်းချင်း နည်းပညာပြန့်ပွားရေးတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးဝင်းထွန်းက မျိုးစေ့ချကိရိယာ (Seeder) ကို အသုံးပြု၍ စိုက်ပျိုးခြင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးများနှင့် ဘေးအန္တရာယ်ကင်းရှင်းသည့် လယ်ယာထွက်ကုန်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို ရှင်းလင်းဆွေးနွေးရာ တောင်သူများကလည်း မျိုးစေ့ထုတ်နည်းပညာများ၊ သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းများကိုရရှိပြီး စိုက်ခင်းများတွင် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါအခမ်းအနားသို့ တံတားမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး၊ မြို့စိုက်ပျိုးရေးဦးစီးမှူး၊ မြို့မြေစာရင်းဦးစီးမှူး၊ သန်လျင်စက်မှုလယ်ယာ ဒုတိယဦးစီးမှူး၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (တံတား)