မလှိုင် ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ အများပြည်သူတိုင်ကြားနိုင်သည့် အကြောင်းအရာများနှင့် Helpline Phone နံပါတ်များ ဖော်ပြသည့် billboard စိုက်ထူခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မလှိုင်မြို့နယ်အမျိုးသမီးရေးရာရုံးတည်ရှိရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ မလှိုင်-ကျောက်တန်းလမ်းမကြီးဘေးတွင် စိုက်ထူခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မင်္ဂလာအချိန်ဖြစ်သည့် မွန်းလွဲ(၁)နာရီခွဲအချိန်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ဦးဆောင်၍ Helpline Phone နံပါတ်များ ဖော်ပြသည့် billboard ကို စိုက်ထူခဲ့ကြသည်။ အဆိုပါ ဆိုင်းဘုတ်တွင် ပဋိပက္ခဖြစ်စဉ်အတွင်း လိင်ပိုင်းဆိုင်ရာများ အကြမ်းဖက်မှု၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ ကျားမ အခြေပြု အကြမ်းဖက်မှု၊ ကလေးသူငယ် မသန်စွမ်း သက်ကြီးရွယ်အို ကိစ္စရပ်များကို အများပြည်သူတိုင်ကြားနိုင်ကြောင်း ဖော်ပြပါရှိပြီး (၂၄) နာရီ Helpline ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။ Helpline Phone နံပါတ်မှာ ၁၅၆၆ ဖြစ်သည်။
Helpline Phone နံပါတ်များ ဖော်ပြသည့် billboard စိုက်ထူပေးခြင်းဖြင့် ဒေသခံပြည်သူများ၏ အခက်အခဲများကို အလွယ်တကူ တိုင်ကြားနိုင်ပြီး တိုင်ကြားမှုများအား ဥပဒေအရ စိစစ်အရေးယူ ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)