မိတ္ထီလာမြို့နယ် အရာတော်ကျေးရွာသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အရာတော်ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများအား  ယမန်နေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီး မှူး ဒေါ်မြင့်ဝင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ အရောတော်ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းက စီမံကိန်းရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သက်ဆိုင်သူအားလုံး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။  

အဆိုပါ အရာတော်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များ ရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၆-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းရန်ပုံငွေ သိန်း ၃၀၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၈၃ ဦးအား ငွေကျပ် ၂၇.၄ သန်းနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၆၃ ဦးအား ငွေကျပ် ၁၅.၃သန်းနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၄ ဦးအား ငွေကျပ် ၁.၃၅ သန်းတို့ကို ထုတ်ချေးထားရှိပြီး ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)