လားရှိုး ဒီဇင်ဘာလ ၅
တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိသေးသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အနီးရှိ နောင်မွန်နှင့် ပုန်းထွန်ကျေးရွာအနီးတွင် ထွက်ရှိသည့် ဒေသထွက် ဖရဲသီးများကို လားရှိုးမြို့တွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိနေကြောင်း သိရသည်။
ယခုနှစ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဖြစ်ပွားနေသော တိုက်ပွဲဖြစ်စဉ်များကြောင့် တရုတ်နိုင်ငံသို့ ဖရဲသီးများ တင်ပို့ရောင်းချနိုင်ခြင်းမရှိသလို ပြည်တွင်းရှိ မြို့ကြီးများသို့လည်း တင်ပို့ရောင်းချနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
“လားရှိုးမြို့နယ်ထဲမှာ စိုက်ပျိုးကြတဲ့ ဖရဲသီးတွေ တရုတ်နိုင်ငံကို တင်ပို့လို့မရတော့ အနီးအနား သွားလာလို့ရတဲ့ မြို့တွေမှာ လိုက်ရောင်းရတယ်။ လားရှိုးမြို့နယ်ထွက် ဖရဲသီးကို လားရှိုးအနီးအနားမှာပဲ ရောင်းချနေရတယ်။ တခြားဘယ်မြို့ကိုမှ သွားလို့မရတော့ ရတဲ့ဈေးနဲ့ ရောင်းချနေကြရတယ်။ ” ဟု ပုန်းထွန်ကျေးရွာ အနီးတစ်ဝိုက်တွင် ဖရဲသီးစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။
တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျှင် ဖရဲသီးတစ်လုံး ငါးသောင်းကျပ်ဝန်းကျင်ခန့်ထိ ဈေးရသော်လည်း ယခုအချိန်တွင် ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန် အခက်အခဲများရှိနေခြင်းကြောင့် လားရှိုးမြို့တွင် ဖရဲသီးတစ်လုံးလျှင် သုံးထောင်ကျပ်မှ တစ်သောင်းကျပ်ဝန်းကျင်ဖြင့်သာ ရောင်းချနေကြရကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး )