မိတ္ထီလာမြို့နယ် အရာတော်ကျေးရွာသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊   မိတ္ထီလာမြို့နယ် အရာတော်ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများအား  ယမန်နေ့ နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မိတ္ထီလာခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များနှင့်အတူ အရောတော်ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းက စီမံကိန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သက်ဆိုင်သူအားလုံး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။ 

အဆိုပါ အရာတော်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၆-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းရန်ပုံငွေသိန်း (၃၀၀) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၈၃) ဦးအား ငွေကျပ် (၂၇.၄) သန်းနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၆၃) ဦးအား ငွေကျပ် (၁၅.၃) သန်းနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၄) ဦးအား ငွေကျပ်  (၁.၃၅) သန်းတို့ကို ထုတ်ချေးထားရှိပြီးဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)