ဘားအံ ဒီဇင်ဘာ ၅
ကရင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ (၈/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စက်မှုဇုန်များ၊ မွေးမြူရေးဇုန်များကို ပီပြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရန်လိုပြီး လူနေအိမ်များ ဝင်ရောက်ကျူးကျော် ဆောက်လုပ်နေထိုင်ခြင်းမရှိစေရေး စိစစ်ကြပ်မတ်အရေးယူ ဆောင်ရွက်ရန်လိုကြောင်း၊ မြေယာအမျိုးအစားပေါ်မူတည်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် ဥပဒေ၊ နည်းဥပဒေနှင့်အညီ စိစစ်ကြပ်မတ်ဆောင်ရွက်စေလိုပြီး မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ရေးကဏ္ဍတို့တွင် ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိအောင် ကူညီဆောင်ရွက်ပေးကြစေလိုကာ သီးထပ်သီးညှပ်များဖြင့် စိုက်ပျိုးစွမ်းအားမြင့်မားရေးအတွက် အလေးထားဆောင်ရွက်ရန် တွန်းအားပေးကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သည့်စီမံကိန်းလုပ်ငန်းများကို ကွင်းဆင်းစိစစ်ကြပ်မတ်ရန်လိုပြီး ရသုံးမှန်းချေငွေစာရင်း လျာထားချက်များ ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ် (၇/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ် လူမှုရေးရာဝန်ကြီးဦးစိုးလွင်က နိုင်ငံသားစိစစ်ရေးဆိုင်ရာများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက မြေယာနှင့် စိုက်ပျိုးရေးဆိုင်ရာများ၊ စီမံခန့်ခွဲရေးဆိုင်ရာများကို ဆွေးနွေးတင်ပြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက တင်ပြဆွေးနွေးချက်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)