သာစည်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေး

သာစည် ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်က မြို့နယ်အားကစားကွင်းအတွင်း၌ အခြေခံ စားသောက်ကုန်များအား သက်သာသော ဈေးနှုန်းများဖြင့် ပြည်သူများအား ဆက်လက်ရောင်းချပေးခဲ့ကြောင်းသိရသည်။

ထိုသို့ရောင်းချပေးရာတွင် ဆန်တစ်ပြည် ၂၇၀၀ ကျပ်ဖြင့် ၁၀ အိတ်၊ ဆီတစ်ပိဿာ ၅၂၀၀ ကျပ်နှုန်းဖြင့် ဆီပေပါသုံးလုံး၊ ငါးကြင်း(မျက်ဆံနီ)တစ်ပိဿာ ၁၀၀၀၀ ကျပ်နှုန်းဖြင့် ၂၀ ပိဿာ၊ အမဲသားတစ်ပိဿာ ၁၀၀၀၀ ကျပ်နှုန်းဖြင့် ၇၀ ပိဿာ၊ ကြက်သားတစ်ပိဿာ ၁၀၀၀၀ ကျပ်နှုန်းဖြင့် ၃၀ ပိဿာ၊ ဝက်သားတစ်ပိဿာ ၁၅၀၀၀ နှုန်းဖြင့် ၁၅ ပိဿာ၊ ဆိတ်သားတစ်ပိဿာ ၂၀၀၀၀ ကျပ်နှုန်းဖြင့် ၂၅ ပိဿာ၊ ကြက်ဥတစ်လုံး ၂၀၀ ကျပ်နှုန်းဖြင့် ၅၀၀၀ လုံး ခရမ်းချဉ်သီး (ရှမ်း) တစ်ပိဿာ ၁၀၀၀ ကျပ်နှုန်းနှင့်အခြားသောဟင်းသီးဟင်းရွက်များကို သက်သာသောနှုန်းထား များဖြင့်ရောင်းချပေးရာ  မြို့ပေါ်ရပ်ကွက်များနှင့် အနီးတဝိုက်ကျေးရွာများမှပြည်သူများ လာရောက်ဝယ်ယူကြကြောင်းသိရသည်။ အဆိုပါသက်သာဈေးကို ဆဋ္ဌမအကြိမ်ရောင်းချပေးခြင်းဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့တွင် ဆက်လက်ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါသက်သာဈေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းသီဟအောင်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးသက်ချိုဦးနှင့် တာဝန်ရှိသူများ ကကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)