ထားဝယ်မြို့တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ထားဝယ် ဒီဇင်ဘာ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အဆင့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊  ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် ခရိုင်ပညာရေးမှူး ဦးမျိုးလွင်က အမျိုးသားအောင်ပွဲနေ့သည် တစ်မျိုးသားလုံး မျိုးချစ်စိတ်ဓါတ်များ ရှင်သန်နိုးကြားကာ နယ်ချဲ့ဆန့်ကျင်ရေးလုပ်ငန်းများ အရှိန်အဟုန် မြင့်မားလာပြီး အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှု ဖြစ်သည့်လွတ်လပ်ရေးရသည်အထိ သမိုင်းတွင် အရေးပါသည့် လှုပ်ရှားမှုကြီးဖြစ်ကြောင်း၊ မြန်မာ့သမိုင်းတွင် အမျိုးသားအောင်ပွဲနေ့သည် အရေးပါသည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ အမျိုးသားအောင်ပွဲနေ့ကို အစဉ်မမေ့သင့်ကြောင်းနှင့် အမျိုး သားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ရှင်းလင်းဟောပြောသည်။

ထို့နောက် တာဝန်ရှိသူများက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အထက်တန်းနှင့် အလယ်တန်း) အဆင့် ကဗျာ၊ ပန်းချီ၊ စာစီစာကုံး (အလွတ်တန်း) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်သည်။

ပြိုင်ပွဲတွင် ထားဝယ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူများက  ပန်းချီ ပြိုင်ပွဲတွင် (၄၁)ဦး၊ ကဗျာ(၂၂)ဦး၊ စာစီစာကုံး (၆၉) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရသည်။

ငွေဇင်ယော်(ထားဝယ်)