မြစ်ကြီးနား ဒီဇင်ဘာ ၄
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြစ်ကြီးနားမြို့၌ တည်ဆောက်သွားမည့် ယာယီကုန်တင်ကားကြီးများ ရပ်နားစခန်း ဆောင်ရွက်မည့် လျာထားမြေနေရာအား ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာသို့ သွားရောက်ပြီး ဦးလဘန် ဘောက်ဆန်၏ ခြံအတွင်းရှိ ငါးကန်ဟောင်း (၄ ဒဿမ ၂၄) ဧကအား အဆင့်မြှင့်တင်၍ ငါးမွေးမြူရေး လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါ ငါးကန်အား စနစ်တကျငါးမွေးမြူ ကန်ဖြစ်စေရေး ပြန်လည်တူးဖော်၍ ငါးအမျိုးအစားအလိုက်၊ အကောင်အရွယ် အစားအလိုက် စနစ်တကျမွေးမြူနိုင်ရေး၊ နည်းပညာအကူအညီ ရယူဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က ခြံပိုင်ရှင်နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့အကြား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်သို့ ကောင်းဇွဲမာန် နွားမွေးမြူရေးခြံသို့ သွားရောက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်သိန်း (၅၀၀) ပံ့ပိုးမှုဖြင့် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နည်းပညာအကူအညီဖြင့် ဒေသနွားကောင်ရေ (၅၀)ကျော်အား ခြံစနစ်ဖြင့် စနစ်တကျမွေးမြူထားရှိမှု အခြေအနေများနှင့် နွားစာအတွက် နေဗီယာ မြက်များ စိုက်ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တိရစ္ဆာန် အထောက်အကူပြုဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များကို ဌာနဆိုင်ရာ များနှင့် ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ မြို့အင်္ဂါရပ်နှင့်အညီ ကုန်တင်ယာဉ်ကြီးများ မြို့တွင်း ဖြတ်သန်းသွားမှုမှ မရှိစေရေး၊ ယာဉ် အန္တရာယ် ကင်းရှင်းရေးအတွက် ခေတ်စနစ်နှင့် လျော်ညီသည့် ယာယီကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်းတစ်ခု တည်ဆောက်နိုင်ရေး ရွှေပြည်သာနှင့် အားဆာကျေးရွာသွားလမ်းမဘေး မြေဧရိယာ (၇) ဧကပေါ်တွင် လျာထားသည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၏ စခန်းနေရာချထားမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှု များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်ဆန်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်ပြန်/ဆက်