လိပ်သို ဒီဇင်ဘာ ၄
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် “(၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား/ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည်များတိုးတက်စေရန်ရည်ရွယ်၍ ပုံပြင်ပြော၊ ကဗျာရွတ် ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်နှင့် ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေးများ ပိုမိုထက်မြက်လာမည်ဖြစ်ကြောင်း၊ လူရှေ့သူရှေ့ တွင် ပြောရဲဆိုရဲလာမည်ဖြစ်ကာအသိအမြင် ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် မည်သည့်ပြိုင်ပွဲကိုမဆို ဆုရသည်၊ မရသည် အဓိကမထားပဲ ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများအားဆက်လက်ပြုလုပ်ရာ ပုံပြင်ပြောပြိုင်ပွဲတွင် မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူ(၉) ဦး၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၁၁)ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် (၇) ဦး စုစုပေါင်း (၂၇) ဦးတို့က ပြိုင်ပွဲများကို ခေါင်းစဉ်အလိုက် ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများအား မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ပုံဆွဲဗလာစာအုပ်များ၊ ခဲတံများကို အမှတ်တရချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် ပြိုင်ပွဲများအပြီးတွင် ကျောင်းသား/ကျောင်းသူများအား အအေးဘူးများဝေငှခြင်းနှင့် အာဟာရမုန့်များဖြင့် ကျွေးမွေးဧည့်ခံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)