ဒဂုံတောင် ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ ၃ နာရီက စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့်ပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်သန်းသန်းအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး Book Club အတွင်းရေးမှူးဦးသက်ဝေ(စာရေးဆရာသက်ဝေမောင်)က စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်သည် ဘဝအတွက် တကယ့်အနှစ်သာရရှိသော စာအုပ်ဖြစ်ကြောင်း၊ စာအုပ်ထဲရှိ အကြောင်းအရာများသည် အတူယူစရာကောင်းကြောင်း ၎င်းစာအုပ်နှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပရာ တက်လာရောက်ကြသော Book Club အဖွဲ့ဝင်များက အောင်မြင်ခြင်းအတွက်တည်ဆောက်ခြင်း၊ လူငယ်နှင့်စူးစမ်းလေ့လာမှု၊ အလှအပဆိုတာ၊ အသုံးကျခြင်းနှင့်နှလုံးလှခြင်း၊ လူမျိုးမြင့်ဖို့စာဖတ်စို့ စသည်တို့ကို မိမိတို့အမြင်နှင့် ခံစားချက်များကို အချင်းချင်း ချစ်ခင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးကြသည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေချစ်သူများက စာဖတ်ဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော သုတ၊ ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်းသိရသည်။
သန်းသန်းအေး