မိုးကောင်း ဒီဇင်ဘာ ၄
အနန္တောအန္တငါးပါကိုဦးထိပ်ထားလျက် အဘိဓမ္မာဒေသနာတော်မြတ်ကြီး အဓွန့်ရှည်တည်တံ့ ပါစေခြင်းအကျိုးငှာ သာသနာတော်မြတ်ကြီး အစဉ်တည်တံခိုင်မြဲစေရန် ရည်ရွယ်၍ ကချင်ပြည်နယ်၊ အထက်ရှမ်းစုကျေးရွာ ဥတ္တရာရုံသီလရှင်ကျောင်းတိုက်၌ ဒသမအကြိမ်မြောက် အသံမစဲ အဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ကျင်းပသည်။
အခမ်းအနားသို့ ပင့်သံဃာတော်များ၊ ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်ပြီး နမောတဿ နမက္ကာရဘုရားရှိခိုးဖြင့် ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်၍ ဥတ္တရာရုံဆရာတော် ဦးပုညထံ (၉)ပါးသီလ ခံယူတည်ဆောက်ကြပြီး ဆရာတော်ဘုရားက ဩဝါဒကထာ မြွတ်ကြားခဲ့သည်။
ဆက်လက်၍ ဆရာတော်ဘုရားတို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သီလရှင်ဆရာကြီး ဒေါ်ဣန္ဒာရီမှ ရဇနာဂါထာတော်ကို ရွတ်ဖတ်ပူဇော်ပြီး ရောင်ခြည်တော်ဖွင့်ဘုရား ပင့်ဂါထာတော်မြတ်ကို သမိဒ္ဓေါဒယအောင်ချမ်းသာ သီလရှင်ကျောင်းတိုက်မှ ဆရာကြီးဒေါ်ဧကစာရီမှလည်းကောင်း၊ နတ်ဗြဟ္မာများအား ပင့်ဖိတ်ရန် ဒေဝနိမန္တနဂါထာတော်ကို မရူပိယဉာဏီမှလည်းကောင်း၊ ပဌာန်းသံဆန်းကဗျာနှင့် မြတ်ဘုရား၏ ရောင်ခြည်တော်ခြောက်သွယ်သံဆန်းကဗျာကို ဝတ်အသင်းသူများမှလည်းကောင်း၊ ပဌာန်းအမေးအဖြေကို သမိဒ္ဓေါဒယသီလရှင်စာသင်တိုက်မှ ဆရာလေး မဥတ္တမီနှင့်မဝသာရီတို့ကလည်းကောင်း အသီးသီး ရွတ်ဖတ်ပူဇော်ကြသည်။
ထို့နောက် ကြွရောက်တော်မူကြကုန်သော ဆရာတော်ဘုရားနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ပဌားနပစ္စယုဒ္ဒေသပါဠိတော်ကို (၃)ကြိမ် ရွတ်ဆိုပူဇော်ကြပြီး အလှည့်ကျ ဘာဏကဆရာလေးဘုရားများက အဘိဓမ္မာ (၇)ကျမ်းကို ဆက်လက်ရွတ်ဖတ်ပူဇော်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)