ဝိုင်းမော်မြို့နယ်၌ တိုးချဲ့ကာကွယ်ဆေးထိုးနှံခြင်းနှင့် မိခင်ကလေးကျန်းမာရေး စစ်တမ်းကောက် ယူခြင်းအခမ်းအနားကျင်းပ

ဝိုင်းမော် ဒီဇင်ဘာ ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်မာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် တိုးချဲ့ကာကွယ်ဆေးထိုးနှံခြင်းနှင့် မိခင်ကလေးကျန်းမာရေးစစ်တမ်း ကောက်ယူခြင်းအခမ်းအနားကို ဒီဇင်ဘာ ၄ ရက်နံနက် ၁၀ နာရီခွဲက ဝိုင်းမော်မြို့နယ်၊ ရပ်ကွက်(၂)ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ ယာယီမဏ္ဍာပ်တွင်ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သိန်းမြို့က အမျိုးသမီးများတွင် ဖြစ်ပွားတတ်သည့်သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုအခြေအနေနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေများ၊မိခင်များအနေဖြင့် သားဆက်ခြားခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မိခင်နှင့်ကလးကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်စေသည့်စောင့်ရှောက်မှုနည်းစနစ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းနည်း စနစ်များ၊ (၆)လအထက် ကလေးငယ်များအား ပြုစု‌စောင့်ရှောက်နည်းများ၊ မွေးကင်းစမှ (၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက် လုပ်ငန်းများအား အရှိန်အဟုန်မပျက်ဆောင်ရွက်ရေးတို့အား အသိပညာပေးရှင်းလင်း ပြောကြားကာတက်ရောက်လာသူများက သိလိုသည်များအား မေးမြန်းရာ ဒေါက်တာ သိန်းမြို့မှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

ထို့နောက် အသက်(၂)လမှ အသက်(၅)နှစ်အောက် ကလေးငယ်များအားကာကွယ်ဆေးထိုးနှံခြင်းနှင့် ကာကွယ်ဆေးတိုက်ကျွေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကာ ရပ်ကွက်နေ ကလေးမိခင်များနှင့် ပြည်သူများ တက်ရောက်ကြပြီးတိုးချဲ့ ကာကွယ်ဆေးထိုးနှံခြင်းနှင့်မိခင်ကလေး ကျန်းမာရေးစစ်တမ်းကောက်ယူခြင်း အခမ်းအနားတွင် အသက်အပိုင်းအခြားလိုက် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို အရှိန်အဟုန်မပျက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဖြူစင်