အင်းစိန်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ယနေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်း၊ အင်းစိန်မြို့နယ်ခန်းမတွင် ဆောင်ရွက်သည်။

ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အင်းစိန်မြို့နယ်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ကမ်းနားအနောက်ရပ်ကွက်၊ ကမ်းနားအလယ်ရပ်ကွက်၊ ကွက်သစ်ရပ်ကွက်၊ ပေါက်တောရပ်ကွက်၊ ဈေးကုန်းအနောက်ရပ်ကွက်၊ ဈေးကုန်းအရှေ့ရပ်ကွက်၊ ပိန္နဲကုန်းရပ်ကွက်၊ မြို့သစ်(က+ခ)ရပ်ကွက်၊ မြို့သစ်(ဂ)ရပ်ကွက်၊ ကြို့ကုန်အနောက်ရပ်ကွက်၊ ကြို့ကုန်းအရှေ့ရပ်ကွက် စသည့်ရပ်ကွက် (၁၁)ရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူ(၁၅၀)ဦး၊ စုစုပေါင်း မဲဆန္ဒရှင်ပြည်သူ(၄၀၁)ဦး တက်ရောက်ကာ လက်တွေ့စမ်းသပ်မဲပေးလေ့လာခဲ့ရာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက ရှင်းလင်းပြသဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းအသိပညာပေးလုပ်ငန်းအား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခုရှိ မြို့နယ်(၄)ခုတို့တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်အား တစ်ပြိုင်တည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)