ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများဝင်ငွေတိုးရေးစီမံကိန်း အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများသင်ကြား

ကျောက်ဆည်  ဒီဇင်ဘာ  ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးစီမံကိန်းအဖြစ် အခြေခံတန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာများ သင်ကြားပေးလျက်ရှိကြောင်းသိရှိရပြီး ကျောက်ဆည်မြို့နယ်၊ ပတ္တာကျေးရွာအုပ်စု၊ မြင်စိုင်းအနောက်ရပ် ဆင်ဖြူချပ်ပရဟိတဘုန်းတော်ကြီးကျောင်းတွင် အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

နည်းပညာသင်တန်းတွင် လူငယ်များအလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ရေး အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများအား စာတွေ့လက်တွေ့အခမဲ့ သင်ကြားပေးလျက်ရှိပြီး၊ ပြည်သူများအနေဖြင့်ဒေသထွက်ကုန်များကို ကုန်ချောအဖြစ်ပြောင်းလဲ၍ ထုတ်ကုန်တစ်ခုဖော်ဆောင် ရောင်းချခြင်းဖြင့် ပြည်သူများဝင်ငွေတိုးစေမည်ဖြစ်ကြောင်း နည်းပညာသင်တန်းဖွင့်လှစ်ပေပေးခြင်းဖြင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေပိုမိုရှာဖွေနိုင်သည့်အပြင် ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် များစွာအထောက်အကူရရှိကြောင်း သိရသည်။

နည်းပညာသင်တန်းတွင် သင်တန်းသား၊သင်တန်းသူ (၁၅)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး  အခြေခံတန်းဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာရပ်များကို နိုဝင်ဘာ(၃၀)ရက်နေ့မှ ဒီဇင်ဘာ (၆)ရက်နေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး မွမ်းမံသင်တန်းကို ဒီဇင်ဘာ (၉)ရက်နေ့မှ(၁၅)ရက်နေ့အထိ သင်တန်းဆရာမများဖြစ်သည့် ဦးစီးမှူးဒေါ်အိကေသွယ်နှင့် အငယ်တန်းစာရေးဒေါ်နွယ်နီအောင်တို့က စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင်ထူးချွန်သူ(၅)ဦးအား ရွေးချယ်၍တန်ဖိုး ငွေကျပ်(၁၀)သိန်းနှင့် ညီမျှသည့်စက်ပစ္စည်းများနှင့် တန်ဖိုးငွေကျပ်(၂)သိန်းနှင့်ညီမျှသော ကုန်ကြမ်းပစ္စည်းများထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)