သင်္ဃန်းကျွန်း ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများ စာပေမှရရှိမည့် ဗဟုတသုတများ ပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ Book Club အဖွဲ့ဥက္ကဋ္ဌ မောင်မောက်(ဝတ်လုံ)က စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ပါအကြောင်းအရာများထဲမှ "ဆရာမတိုက်ကျွေးသော အားဆေးစကား"ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် စာစီစာကုံးနှင့် ကိုယ်စွမ်းကိုယ်စတွင် စာစီစာကုံးသည် ကျောင်းသားတိုင်းနှင့်ရင်းနှီးသော ငယ်ပေါင်းကြီးဖော်ဖြစ်ကြောင်း၊ မူလတန်းမှ တက္ကသိုလ်ရောက်သည်အထိ စာစီစာကုံးရေးရကြောင်း၊ စာစီစာကုံး၏နယ်ပယ်သည် ကျယ်ဝန်းကြောင်း၊ ကျောင်းသားတွေ စာရေးတတ်အောင် စာစီစာကုံးရေးရခြင်းဖြစ်ကြောင်း၊ ကျောင်းသားတစ်ဦးချင်းစီ၏ မြန်မာစာအရေးအသွေး တိုးတက်သည်ထက်တိုးတက်အောင် လေ့ကျင့်သင်ကြားပေးရန် စာစီစာကုံးပြဌာန်းထည့်သွင်းထားခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ သူများ အသက်အရွယ်အလိုက် အတွေ့အကြုံများ၊ အတွေးအခေါ်အယူအဆများကို ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်အယူအဆအရေးအသားဖြင့် ပြန်လည်ဖော်ထုတ်ပြခြင်းပင်ဖြစ်သည်။
ကျောင်းသား၏ ကိုယ်ပိုင်အတွေးအခေါ် အရေးအသား အရည်အသွေးကိုဖော်ထုတ်ရာ မှတ်ကျောက်ဖြစ်ကြောင်း၊ မူလတန်းမှ တက္ကသိုလ်ရောက်သည်အထိ ဆယ်နှစ်ဝန်းကျင်ကာလတွင် အနည်းဆုံးအပုဒ်လေးငါးဆယ်ရေးဖူးသည့် အတွေ့အကြုံရှိမည်ဟု မျှော်လင့်ကြောင်း၊ သို့သော် လက်တွေ့တွင် ကျောင်းသားများမှာ အလေ့အကျင့်နည်းပြီး အလွတ်ကျက်အာဂုံဆောင်သော အလေ့အကျင့်သာတိုးပွားလာနေကြောင်း၊ အသင့်ရေး စာအုပ်များကို အလွတ်ကျက်ကူးချနေကြောင်း၊ ဟိုနည်းနည်းဒီနည်းနည်းဆက်စပ်ပြီး ရေးသားနေကြကြောင်း၊ စာမေးပွဲတွင် မေးခွန်းပုံစံပြောင်း၍ မေးခဲ့ကြောင်း၊ စာစီစာကုံးခေါင်းစဉ်ကို မေးနေကျဘောင်ထဲကထွက်ပြီး ကျောင်းသား၏ ကိုယ်ပိုင်အရည်အသွေးကိုထုတ်နိုင်သည့် ခေါင်းစဉ်မျိုးမေးရန် စသည်တို့ကို တင်ပြထားခဲ့ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ Book Club အဖွဲ့ အတွင်းရေးမှူး ဒေါ်မေမြတ်စန္ဒာက "ကံရာဇာငယ်၏ အလှူမဏ္ဍပ်" ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် တကောင်းမင်းဆက်ကို တည်ထောင်သော အဘိရာဇာမင်းကြီး နတ်ရွာစံသောအခါ သားတော်ကံရာဇာကြီးနှင့် ကံရာဇာငယ်တို့ နန်းလုကြပါကြောင်း၊ မှူးမတ်တို့က ရန်စစ်မထိုးဘဲ ကုသိုလ်စစ်ထိုးရန်အကြံပေးကြောင်း၊ ကုသိုလ်စစ်မှာ အလှူမဏ္ဍပ်ကြီးတစ်ဆောင်စီဆောက်ရန်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် Book Club အဖွဲ့၀င် လမင်းအိမ်(ဥပဒေ)က ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကိုတင်ပြရတွင် တက္ကသိုလ်မှာ မြန်မာစာဘွဲ့လွန်ကျောင်းသားတွေမှာပင် ဝတ္ထုမဖတ်ဖူးသည့် ကျောင်းသား/ သူများရှိကြောင်း၊ အပြင်စာဖတ်၍ မပျက်စီးနိုင်ကြောင်းကို သာဓကဆောင်၍ရှင်းပြကြောင်း၊ စာကြိုးစားသူချင်းတူလျှင် ဝတ္ထုလည်းဖတ်၊ ကျောင်းစာလည်းဖတ်သော ကျောင်းသားက ပို၍စာတော်သည့်အချက်ကို ယုံယုံကြည်ကြည်လက်ခံပြီး အိမ်ကခွင့်မပြုလျှင်လည်း ဝတ္ထုတွေအပြင်စာတွေ ခိုးဖတ်ကြဟု တိုက်တွန်းထားကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်စာဖတ်ဝိုင်းကို တက်ရောက်ကြသည့် Book Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ခရိုင် (ပြန်/ဆက်)