ပုဇွန်တောင် ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၃)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြသပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှိ တေဇခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူးဒေါ်ခင်ခင်စန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က နေ့ထူးနေ့မြတ်ဖြစ်သော အမျိုးသားအောင်ပွဲနေ့ကို ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်စေရန်နှင့် တန်ဖိုးထားတတ်စေရန်၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားပညာရေးအကြောင်း၊ အတုယူရမည့် အမျိုးသားရေးစိတ်ဓာတ်များကိုလည်းကောင်း စာရေးဆရာမမေမြတ်စန္ဒာက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ အမျိုးသားရေးစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ နိုင်ငံတော်ကို အကျိုးပြုမည့် ကျောင်းသား/ကျောင်းသူများဖြစ်လာစေရေး အသိပညာပေးဟောပြောခဲ့ကာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့ခင်က ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသူ/ကျောင်းသားလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် (၁၀၃)မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး (၁၀၃)မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်း ရရှိသည်။
ဟန်စုယဉ်