ဇေယျာသီရိမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့မှ တစ်ရာသီလျှင် သုံးသီးစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ

ဇေယျာသီရိ ဒီဇင်ဘာ ၄

ဇေယျာသီရိမြို့နယ်အတွင်းရှိ လယ်ယာမြေများ ချန်လှပ်ထားမှုမရှိဘဲ တစ်ရာသီလျှင် သုံးသီးစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က မြို့နယ်အတွင်းရှိ လယ်ယာမြေများ ချန်လှပ်ထားမှုမရှိဘဲ တစ်ရာသီလျှင်သုံးသီးစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ကာလတူလျာထားချက်ထက် ကျော်လွန်စွာစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယခုလို ဒေသခံတောင်သူများနှင့် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ တွေ့ဆုံပွဲတွင်လည်း ဒေသခံတောင်သူများအနေဖြင့် လယ်ယာမြေများပေါ်တွင် စိုက်ပျိုးထုတ်လုပ်ရန်အတွက် လိုအပ်သည့်အခက်အခဲများအား ပွင့်လင်းစွာတင်ပြစေလိုကြောင်းနှင့် စိုက်ပျိုးရေးနှင့်ပတ်သက်၍ နိုင်ငံတော်မှချမှတ်ထားသည့်မူဝါဒများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြေသိန်းက စိုက်ပျိုးရေးနှင့်ပတ်သက်၍ ဌာနမှကူညီဆောင်ရွက်ပေးမည့်အရာများ၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချစ်ကြည်မောင်က ရေဆင်းဆည်မှ သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေး ရေပေးဝေမည့်အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် မအူတောကျေးရွာအုပ်စု မအူတောကျေးရွာနှင့် စိမ်းစားပင်ကျေးရွာ၊ ကျွန်းရောင်းကျေးရွာအုပ်စု ကျွန်းရောင်းကျေးရွာမှ ဒေသခံတောင်သူများက  တစ်ရာသီလျှင် သုံးသီးစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ကာလတူလျာ ထားချက်ထက်ကျော်လွန်စွာစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည်များ တင်ပြဆွေးနွေးခဲ့ရာ ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က သက်ဆိုင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထွန်းလင်း(ဇေယျာမြေ)