ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေ့လာရေးဘုရားဖူးရောက်ရှိခဲ့ပါက အရှေ့လိုဏ် ရှည်ဘုရားတည်ဆောက်မှု ဗိသုကာပုံစံနှင့်အလင်းဝင်စနစ်တို့ကိုလေ့လာနိုင်

ညောင်ဦး ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊  ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလေ့လာရေး လာရောက်ခဲ့ပါက ပုဂံဒေသရှိသမိုင်းအထင်ကရဘုရားများကိုဖူးမြော်ပြီး အလိုတော်ပြည့်ဘုရားအနီးရှိ အရှေ့လိုဏ်ရှည်ဘုရားတည်ဆောက်မှု ဗိသုကာပုံစံနှင့်ဂူဘုရားအတွင်းအလင်းပေး၊ အလင်းဝင်ရောက်မှုတို့ကို လေ့လာနိုင်ကြောင်း သိရသည်။

အရှေ့လိုဏ်ရှည်ဘုရားသည် ညောင်ဦးမြို့မှ ပုဂံမြို့သစ်သွား အနော်ရထာနှစ်လမ်း သွားကားလမ်းမကြီးဘေး အလိုတော်ပြည့်ဘုရားအရှေ့မြောက်ဘက် ကပ်လျက်တည်ရှိပြီး အရှေ့ဘက်မုခ်လှည့် ဂူဘုရားတစ်ဆူဖြစ်သည်။ လိုဏ်အတွင်းပလ္လင်တော်ပေါ်၌ အတော်အသင့်ကြီးမားသည့် အရှေ့ဘက်မျက်နှာမူထိုင်တော်မူ ဆင်းတုတော် တစ်ဆူတည်ရှိပြီး မုခ်အဝင်မှ ထိုင်တော်မူဆင်းတုတော်ကြီးအထိ တိုက်မမှာရှည်လျားကြီးမားသည့် လိုဏ်ရှည်ဘုရားတစ်ဆူဖြစ်ကြောင်း၊ ဂူဘုရားအတွင်း အလင်းကောင်းစွာဝင်ရောက်နိုင်ရန် အလင်းဝင်ပေါက် စနစ်ကိုလည်း တိုက်မနံရံများတွင် တံခါးပေါက်များသဖွယ် အပေါက်ငယ်များစွာဖြင့် အလင်းဝင်ရောက်မှုကြောင့် ဂူဘုရားတိုက်မအတွင်း ကောင်းစွာမြင်တွေ့လေ့လာနိုင်သည်။ အရှေ့လိုဏ်ရှည်ဘုရားသည် နှစ်ထပ်လိုဏ်ဂူ ဘုရားဖြစ်ပြီး အပေါ်ထပ်သို့တက်ရန် လှေကားဖြင့်တက်ရောက်နိုင်ကြောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ လေ့လာရေးဘုရားဖူးလာရောက်ခဲ့ပါက အရှေ့လိုဏ်ရှည်ဂူဘုရားကြီးတည်ဆောက်မှု ဗိသုကာ ပညာရပ်များနှင့် အလင်းဝင်ပေါက် တည်ဆောက်ထားပုံစနစ်များကို လေ့လာနိုင်ကြောင်း သိရသည်။

အရှေ့လိုဏ်ရှည်ဂူဘုရား၏ အနောက်ဘက်တွင် အလိုတော်ပြည့်ဘုရား၊ အနောက်လိုဏ်ရှည်ဘုရား၊ သံဗုဒ္ဓေဘုရား၊ အရှေ့တောင်ဘက်တွင် ဝတ္ထနတောဘုရားစု၊အရှေ့ဘက်တွင် ရှင်ဘို့မယ်အုတ်ကျောင်း၊ မြောက်ဘက်တွင် ရွှေလိပ်တူးဘုရား၊ ထီးလိုမင်းလိုဘုရားတို့ကိုလည်း တဆက်တစပ်တည်း ဖူးမြော်လေ့လာနိုင်ကြောင်း သိရသည်။

ညောင်ဦးခရိုင်(ပြန်/ဆက်)