မြိတ် ဒီဇင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ရဟန်း၊ ရှင်၊ လူ ပြည်သူများ၏ မျက်စိရောဂါ ဝေဒနာများကို မြိတ်မြို့ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူဇီဝိတဒါနစက္ခုဒါနဆေးရုံတွင် ဒီဇင်ဘာ(၂၃)ရက်မှစတင်၍ ဒုတိယအကြိမ် အခမဲ့စမ်းသပ် ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း ဆေးရုံစီမံစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။
ရဟန်း၊ ရှင်၊ လူ ပြည်သူများ၏ မျက်စိရောဂါဝေဒနာများကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူဆရာတော်လမ်းညွှန်မှုဖြင့် မြိတ်မြို့ သီတဂူ ဇီဝိတဒါနစက္ခုဒါနဆေးရုံ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဆေးရုံစီမံစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်၍ မျက်စိခွဲစိတ်အထူးကု ဆရာဝန်ကြီးများအဖွဲ့မှ အခမဲ့စမ်းသပ် ခွဲစိတ်ကုသပေးသွားမည်ဖြစ်သည်။
“မျက်စိစမ်းသပ်ခွဲစိတ်ကုသရန်အတွက် စာရင်းပေးသွင်းကြရန် နေရက်နှင့်နေရာများ” မြိတ်ခရိုင်အတွင်းရှိ ရဟန်း၊ ရှင်၊ လူ ပြည်သူများ၏ မျက်စိရောဂါ ဝေဒနာများကို ဒီဇင်ဘာ(၂၃)ရက်နေ့မှ စတင်စမ်းသပ် စစ်ဆေးပေးသွားမည်ဖြစ်ကာ ဒီဇင်ဘာ(၂၅)ရက်မှ (၃၀)ရက်အထိ ခွဲစိတ်ကုသပေးသွားမည်ဖြစ်သည်။ မျက်စိရောဂါဝေဒနာရှင်များအနေဖြင့် မြိတ်ခရိုင်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများနှင့် မြိတ်မြို့ သီတဂူဇီဝိတဒါန စက္ခုဒါနဆေးရုံတွင် ဒီဇင်ဘာ(၄)ရက်နေ့မှစတင်ကာ စာရင်းပေးသွင်းနိုင်ပြီဖြစ်၍ သီတဂူဇီဝိတဒါနစက္ခုဒါနဆေးရုံ ဖုန်း-၀၅၉၂၀၄၃၇၀၂ နှင့် ဦးသောင်းထိုက်(ဆေးမှူး) ၀၉၈၈၈၈၆၈၃၈၀ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
မျက်စိရောဂါ ဝေဒနာရှင်များကို စမ်းသပ်စစ်ဆေး ကုသပေးရာတွင် သီတဂူဇီဝိတဒါန စက္ခုဒါနဆေးရုံ ပြင်ပလူနာဌာနတွင် မျက်စိစမ်းသပ်စစ်ဆေးပေးမည့် စက်များဖြင့် အခမဲ့စစ်ဆေးပေးသွားမည်ဖြစ်ပြီး ခွဲစိတ်ရန်လိုအပ်သူများကို အခမဲ့ ခွဲစိတ်ကုပေးသွားမည်ဖြစ်ကြောင်း၊ သီတဂူဆရာတော်ဦးဆောင်သည့် မျက်စိခွဲစိတ် အထူးကုဆရာဝန်ကြီးများအဖွဲ့မှ မျက်စိခွဲစိတ်ရန် လိုအပ်သည့်ဝေဒနာရှင်များကို မြိတ်မြို့သီတဂူဇီဝိတဒါန စက္ခုဒါနဆေးရုံခွဲစိတ်ခန်းအတွင်း ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)