တံတားမြို့ အ.ထ.က၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

တံတား ဒီဇင်ဘာ ၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီတွင် တံတားမြို့အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ တံတားမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးရန်အောင်မျိုးထက်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်သိန်းကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က ဆောင်ရွက်ပြီး Grade -11 မှ မောင်ကျော်ဇော်လင်းက လူငယ်နှင့်စာပေ၊ Grade-10 မှ မောင်ခန့်ကိုကိုမှ  လူငယ်နှင့်ကျန်းမာရေး၊ Grade-11 မှ ဟန်ဆုမေဦးမှ လူငယ်နှင့်စာရိတ္တ၊ Grade-11 မှ မောင်သက်မှူးကိုမှလူငယ်နှင့်ဝါသနာ၊  Grade-11 မှ မဖူးပွင့်ကျော်မှလူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဥ်များဖြင့် အသီးသီးပါဝင်ဆွေးနွေးကြပြီး အဆိုပါဆွေးနွေးချက်များနှင့်ပက်သက်၍ ကျောင်းသားကျောင်းသူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးကြသည်။

ယင်းနောက် စကားဝိုင်းဆွေးနွေးကြသည့်ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။ ယနေ့အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကိုခင်းကျင်းပြသထားရာ ကျောင်းသားကျောင်းသူများစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (တံတား)