ကျိုင်းလပ် ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း(ဝမ်နတ်)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ အ.ထ.က(ဝမ်နတ်) လက်ထောက်ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်က အမှာစကားပြောကြားပြီး ကျိုင်းလက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်စန်းစန်းမြင့်က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် လူငယ်စကားဝိုင်းကျင်းပသည့် ရည်ရွယ်ချက်ကို ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းမြင့်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ ကျောင်းသူလေးဦးတို့က “လူငယ်နှင့်ပရဟိတစိတ်ဓာတ်”၊ “လူငယ်နှင့်အောင်မြင်ရေး”၊ “လူငယ်နှင့်အပြောင်းအလဲ”၊ “လူငယ်နှင့်စည်းကမ်း” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြရာ အခမ်းအနားတက်ရောက် လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ဦးဆောင်ဆွေးနွေးသူတို့က ပြန်လည်ဖြေကြားပေးပြီး တာဝန်ရှိသူတို့က ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများ အား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် လူငယ်အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)