မိုင်းယောင်းမြို့၌ မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေး ဟောပြော

မိုင်းယောင်း ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာလျှော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ဟောင်ကြန့်အုပ်စု ခိုကဲကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျေးလက်ဒေသနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ မြို့နယ်ဦးစီးမှူးဦးစံလင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးသိန်းထွန်း၊ စက်မှုလယ်ယာဦးစီးဌာန မြို့နယ်တာဝန်ခံဦးသက်ဇော်နှင်းနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးအိုက်ဆမ်တို့က မီးခိုးမြူငွေ့ကင်းစင်ရေး၊ တောင်ယာခုတ်ထွင်ရှင်းလင်းခြင်း၊ တောင်ယာမီးရှို့ခြင်း၊ ငါးရှော့တိုက်ခြင်းများမပြုလုပ်စေရေး၊ မီးတားလမ်းကိုလည်း အကျယ် ၁၆ ပေခန့် ပြုလုပ်ထားရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးရာ  ကျေးလက်ဒေသနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ မြို့နယ်ဦးစီးမှူးဦးစံလင်းနှင့် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)