ပုဗ္ဗသီရိ ဒီဇင်ဘာ ၄
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်အုပ်စု၊ သာဂလကျေးရွာရှိ အုပ်ချုပ်ရေးမှူးနေအိမ်၌ နေပြည်တော်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျော်ရည်ပြုလုပ်နည်းသင်တန်းကို ဒီဇင်ဘာ ၄ ရက်မှ ၈ ရက်နေ့အထိ သင်တန်းကာလ ၅ ရက် ဖွင့်လှစ်သွားမည်ဖြစ်ရာ အခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ပပမျိုးက MSME လုပ်ငန်းများ၊ နိုင်ငံ့စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းကိစ္စများကို ရှင်းလင်းပြောကြားခြင်း၊ လက်မှုပညာရပ်တစ်ရပ်အနေဖြင့် တတ်သင့်သည့်ပညာရပ်ဖြစ်ကြောင်း၊ ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားရေးစီမံကိန်းအစီအစဉ်ဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်ပပမျိုး၊ ဇေယျာသီရိခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦး၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကို၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ သင်တန်းတက်ရောက်သူ ၁၅ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)