ကျောက်ကြီးမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်

ကျောက်ကြီး ဒီဇင်ဘာ ၄

ကလေးငယ်များစာဖတ်စွမ်းရည် တိုးတက်မြင့်မားလာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေနှင့်ရင်းနှီးပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်ရုံး ဦးစီးမှူးနှင့် ဝန်ထမ်းများက ပဲခူးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အဆိုပါကျောင်းအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား  ကဗျာများရွတ်ဆို၍ ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ပေးခဲ့ကြပြီးl ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ''ဧရာမမုန်လာဥကြီး''ပုံပြင်ဖြင့် ပုံပြင်ပြောခြင်း အစီစဉ်များပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားနားထောင်ကြည့်ရှုကြပြီးနောက် ရွေ့လျားစာကြည့်တိုက် သုံးဘီးယာဉ်ပေါ်ရှိ စာအုပ်များကို စိတ်ဝင်တစားဖတ်ရှုခဲ့ကြသည်။

အဆိုပါကျောင်းရှိ ကလေးငယ်များအနေဖြင့် ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှု လာ‌ရောက်‌ဆောင်ရွက်ပေးသည့်အတွက် စာဖတ်စွမ်းရည်များ တိုးတက်မြင့်မားလာစေခြင်း၊ ဆရာဆရာမများက စာအုပ်များကို သင်ထောက်ကူပစ္စည်းအနေဖြင့် ပြန်လည်အသုံးချနိုင်ခြင်း၊ ကလေးငယ်များ၏ စာဖတ်ခြင်းအလေ့အထများ ပိုမိုမြှင့်တင်ပေးနိုင်ခြင်း၊ ပုံပြင်နားထောင်၍ ပြန်ပြောတတ်စေခြင်း၊ စာအုပ်များငှားရမ်းဖတ်ရှုလိုစိတ်များဖြစ်ပေါ်သည့် အလေ့အထကောင်းများ ဖြစ်စေနိုင်ပါကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောကြားခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းကို မြို့နယ်ပညာရေးမှူးရုံးနှင့် ချိတ်ဆက်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ မူလတန်းအဆင့် ကလေးငယ်များအား အဓိကထား ဦးစားပေးကာ ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှု သုံးဘီးယာဉ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)