မိုင်းယောင်း ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော လုပ်ငန်းများကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မိုင်းဖြတ်မြို့နယ် စာရင်းစစ်ရုံးမှ ဒေါ်အေးအေးရီ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင့်တင့်လွင်၊ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာနွယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစံလင်း၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှ ဦးစိုင်းအောင်ခမ်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် မုန်းလိုက်အုပ်စု ရှေခင်ကျေးရွာရှိ ဧဒင်နွားမွေးမြးရေးခြံအားလည်းကောင်း၊ ဟောင်ကြန့်အုပ်စု နမ့်ယွန်းကျေးရွာရှိ တော်ဝင်မိုင်းယောင်း တန် (၃၀) ဆန်စက်အားလည်းကောင်း၊ ဝမ်တပ်အုပ်စု ဟွေထမ်ကျေးရွာရှိ တောင်ပေါ်သားကော်ဖီလုပ်ငန်းအားလည်းကောင်း၊ ပါဟုတ်အုပ်စု ပါဟုတ်ကျေးရွာရှိ မိုင်းယောင်းရတနာ မက္ကဒေးမီးယား စိုက်ပျိုးရေးလုပ်ငန်းနှင့် နှစ်ရှည်သီးနှံ နာနတ်ပင် (၉၀၀၀) ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ ပုံမှန်ဖွင့်လှစ်နေမှု ရှိ/မရှိ၊ သတ်မှတ်နည်းလမ်းများအတိုင်း ရောင်းချမှု ရှိ/မရှိအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဇော်မင်းဆွေ၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် မြို့နယ်မြေရဲစခန်း၊ မြို့စည်ပင်၊ မြို့မီးသတ်တို့မှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဝမ်ကောင်းအုပ်စု အောင်မြင်ကျေးရွာတွင် အိမ်ထောင်စုစာရင်းထုတ်ပေးနိုင်ရန် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)