မိုင်းနောင် ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ တိုင်းရင်းသားလူငယ်ဗုဒ္ဓဘာသာဝင်များ၏ Sunday Dhamma School ယဥ်ကျေးလိမ္မာ သင်တန်း အခန်းဆုံးစာမေးပွဲကို (မြန်မာ၊ ရှမ်း) နှစ်ဘာသာဖြင့် ယမန်နေ့ နံနက် (၉) နာရီအချိန်က စတင်ဖြေဆိုခဲ့ကြောင်း သိရှိရသည်။
မိုင်းနောင်မြို့အတွင်းရှိ တိုင်းရင်းသားလူငယ်များအားလုံး မိမိတို့ကိုးကွယ်သည့်ဘာသာကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ယဥ်ကျေးလိမ္မာ၍ ဘာသာ၊ သာသနာအပေါ် သက်ဝင်ယုံကြည်အလေးအနက်ထားတတ်စေရန်၊ ဗုဒ္ဓဘာသာအမွေအနှစ်များ လက်ဆင့်ကမ်းနိုင်ရန်အတွက် ဖွင့်လှစ်သင်ကြားကာ သင်တန်းသား၊ သင်တန်းသူများ၏ တတ်မြောက်မှုအရည်အချင်းကို ပြန်လည်ဆန်းစစ်သော စာမေးပွဲဖြစ်ကြောင်းသိရှိရသည်။
အဆိုပါ Sunday Dhamma School အခန်းဆုံးအရည်အချင်းစစ်စာမေးပွဲများကို မြို့လယ်ဓမ္မာရုံ တွင် မြန်မာဘာသာဖြင့် (၄၂) ဦး၊ မင်္ဂလာရန်အောင်ကျောင်းတိုက်တွင် ရှမ်းဘာသာဖြင့် (၁၄၈) ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၉၀) ဦးတို့ ဖြေဆိုကြကြောင်း သိရှိရသည်။
မိုးသောက်(မိုင်းနောင်)