ရှမ်းရွာသစ်မြို့တွင် သီးစားပြောင်းဖူးများဈေးကောင်းရ၍ ပိုမိုတိုးချဲ့စိုက်ပျိုး

ရှမ်းရွာသစ်    ဒီဇင်ဘာ   ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်း လယ်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ၎င်းလုပ်ငန်းများနှင့်တွဲဖက်၍ မိသားစု အပိုဝင်ငွေရရှိရေး တပိုင်တနိုင် သီးစားပြောင်းဖူးပင်များနှစ်စဉ်စိုက်ပျိုးထားရာ ယခုနှစ်တွင် ဈေးကောင်းရရှိ၍ ပိုမိုတိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။

သီးစားပြောင်းဖူးပင်များစိုက်ပျိုးသည့် တောင်သူများအနေဖြင့် အခြားသီးနှံများထက် ကုန်ကျစရိတ် သက်သာသည့် ပြောင်းဖူးကိုရောင်းချနိုင်ပြီး မိသားစုကြော်ချက်စားသုံးနိုင်သည့်အပြင် ပြောင်းဖူးကို အခြောက်လှန်း၍ ပြောင်းဖူးဖက်ကို ဆေးပေါ့လိပ်အဖြစ်သောက်သုံးကြကြောင်း၊ ပြောင်းဖူးစေ့ကို မုန့်လုပ်၍ စားသုံးနိုင်ပြီး ကလေးလူကြီးမရွေးကြိုက်နှစ်သက်သောကြောင့် နှစ်စဉ်နိုဝင်ဘာလတွင် စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်တွင် ပြောင်းဖူး (၁)ဖူးလျှင် ငွေကျပ်(၃၀၀)ကျပ်သာရရှိပြီး ယခုနှစ်တွင် ပြောင်းဖူး (၁)ဖူးလျှင် ငွေ ကျပ် (၅၀၀) ထိရရှိသဖြင့် ဒေသနေပြည်သူအများစုသည် အပိုဝင်ငွေရရှိသောကြောင့် တိုးချဲ့စိုက်ပျိုးလာကြောင်း ဒေသနေပြည်သူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဖူးစားပြောင်း (၁၆)ဧကနှင့် အစေ့ထုတ်ပြောင်း (၂၆၁)ဧက စိုက်ပျိုးလျက်ရှိကြောင်း၊ အခြားဆောင်း သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲလွန်း၊ ဗိုလ်ကိတ်ပဲ၊ ပဲတီစိမ်းနှင့် ငရုပ်သီးများကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)