မိုင်းရယ်တွင် ယာယီနေရပ်စွန့်ခွာသူများကို အစားအသောက်နှင့်အဝတ်အထည်များ ထောက်ပံ့ပေးလျက်ရှိ

မိုင်းရယ် ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)နေရာအသီးသီးမှ သက်ဆိုင်ရာ မိမိနေရပ်ထံပြန်သည့် ယာယီနေရပ်စွန့်ခွာသူများကို မိုင်းရယ်မြို့နယ်ရှိ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက လူသားခြင်းစာနာထောက်ထား၍ အစုအဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း အစားအသောက်နှင့်အဝတ်အထည်များကို နေ့စဉ် ထောက်ပံ့ပေးလျက်ရှိသည်။

ယာယီနေရပ်စွန့်ခွာသူများသည် မော်တော်ယာဉ်ကြီး/ငယ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် အစုအဖွဲ့အလိုက် မိုင်းရယ်မြို့ကိုဖြတ်၍ ရှမ်း(တောင်)တောင်ကြီးမှတစ်ဆင့် မန္တလေးဘက်သွားမည့်သူ များပြားကြောင်းနှင့် တန့်ယန်း-မိုင်းရယ် လမ်းကြောင်းမှ နေ့စဉ် နေ့ရောညပါ ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

မိုင်းရယ်မြို့နယ်ကိုဖြတ်၍ ဖြတ်သန်းသွားလာသည့် ယာယီနေရပ်စွန့်ခွာသူများ နေ့စဉ် လူဦးရေ ထောင်ချီရှိပြီး အစားအသောက်များ ထောက်ပံ့သည့် ကုန်ကျစရိတ် စုစုပေါင်း သိန်းပေါင်း ၅၀နှင့်အထက်တွင် ရှိကြောင်းနှင့် အလှူရှင်များ လိုအပ်လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

မိုင်းရယ်(ပြန်/ဆက်)