မိုင်းကိုင်မြို့နယ်၊ ဝမ်ဖွီးကျေးရွာအုပ်စုအတွင်း ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

မိုင်းကိုင် ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဝမ်ဖွီးကျေးရွာအုပ်စု ကျေးလက်နေပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ယမန်နေ့ နေ့လယ်က  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ  ပူးပေါင်းအဖွဲ့သည် ဝမ်ဖွီးကျေးရွာဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ကွင်းဆင်းမှုတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ ဒေသအတွင်း ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးကိစ္စရပ်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်းအကြောင်းအရာများကို အသိပညာပေးဆွေးနွေးရာ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက မိမိတို့လိုအပ်ချက်များအပေါ် ပြန်လည်တင်ပြဆွေးနွေးရာ သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒေသဖွံ့ဖြိုးရေးကွင်းဆင်းအဖွဲ့သည် ဝမ်ဖွီးကျေးရွာအုပ်စုအတွင်းရှိ နောင်ခမ်းကျေးရွာ၊ ဝမ်ပန်ကျေးရွာ၊ နားပုံကျေးရွာ၊ တိလိုင်ကျေးရွာနှင့် ဝမ်လိုင်းကျေးရွာတို့မှ ကျေးလက်နေပြည်သူများအား ပန်းခင်းစီမံချက် - ၂အရ ဆောင်ရွက်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၈၂ ကတ်၊ အိမ်ထောင်စုလူဦးရေစာရင်း ၂၄ အိမ်ထောင်စုတို့ကို တာဝန်ရှိသူများက ကျေးလက်နေပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ချော(မိုင်းကိုင်)