ကလော ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် (၁၈)ကြိမ်မြောက် မြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲ ဆုချီးမြှင့်ခြင်းပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂ ရက်နေ့ ည ၇ နာရီက ကလောမြို့ မောမြေဦးပန်းခြံ မီးရှော်တိုင်ကွင်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကလောမြို့နယ်ရှိ တိုင်းရင်းသား၊ တိုင်းရင်းသူအကအဖွဲ့များက "ကလောမြို့ကဖိတ်ခေါ်သံ"သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး (၁၈)ကြိမ်မြောက် မြို့လုံးကျွတ်မဟာတန်ဆောင်တိုင်ရိုးရာ မီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ရိုးရာမီးရှော်တိုင်ပထမဆုကို ရပ်ကွက်(၃)ကိုယ်စားပြု Sky Light အဖွဲ့၊ ဒုတိယဆုကို ရပ်ကွက်(၁၀) ကိုယ်စားပြု မီးဝိဇ္ဇာအဖွဲ့နှင့် တတိယဆုကို ရပ်ကွက်(၈)ကိုယ်စားပြု ဘုံစု(ယံ,ကြွား)မီးတို့ ရရှိခဲ့သည်။ မီးကြာစံပထမဆုကို ရပ်ကွက် (၁၀)ကိုယ်စားပြု မီးဝိဇ္ဇာအဖွဲ့၊ ဒုတိယဆုကိုရပ်ကွက်(၁၁)ကိုယ်စားပြု မီးနဂါးအဖွဲ့၊ တတိယဆုကို လွယ်အံမီးအဖွဲ့တို့ဖြစ်ပြီး ဆုရရှိသည့် အဖွဲ့များကို ကလောတပ်နယ်မှူး ဗိုလ်မှုးချုပ် ကျော်လင်းမောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမြတ်အောင်ဌေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်းတို့က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ပြီး နှစ်သိမ့်ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ကလောမြို့ပေါ်ရပ်ကွက် (၁၁)ရပ်ကွက်မှ မီးရှော်တိုင်နှင့် မီးကြာစံအဖွဲ့ (၁၁)ဖွဲ့တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲတော်ကာလကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)