ဟားခါး ဒီဇင်ဘာ ၃
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံးရှိ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း ၊ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးကျော်ငြိမ်း ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး ၊ ပြည်နယ် လူမှုရေးဝန်ကြီး ဦးကျော်စိုးဝင်း ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ကုလသမဂ္ဂ သတ်မှတ်ပေးထားသည့် ဆောင်ပုဒ်ဟာ “ စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့” ဖြစ်ပါကြောင်း ၊ မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (UN Convention) ကို ၂၀၁၁ ခုနှစ် ၊ ဒီဇင်ဘာလတွက် အတည်ပြု လက်မှတ်ရေးထိုးပြီး မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာဥပဒေကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း ၊ နည်းဥပဒေကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဥပဒေပါ မသန်စွမ်းသူများ၏ အခွင့်အရေးကိစ္စများကို လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း ၊ ချင်းပြည်နယ်မသန်စွမ်းများ၏ အခွင့် အရေးများဆိုင်ရာကော်မတီအဖြင့်လည်း မသန်စွမ်းသူများအရေးနှင့်ပတ်သက်၍ ကော်မတီဝင်များ နှင့် လုပ်ငန်းကော်မတီအစည်းအဝေးများပြုလုပ်ပြီး ပြည်နယ်အတွင်း မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ပြီး ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများစာရင်း ကောက်ယူပြုစုခြင်း ၊ မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့ခြင်း ၊ Wheelchair များ ထောက်ပံ့ ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ၊ နောင်လာမည့်နှစ်များတွင်လည်း ချင်းပြည်နယ် လူမှုဝန်ထမ်းရုံးအနေဖြင့် ချင်းပြည်နယ်မသန်စွမ်းများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ နှင့် ချိတ်ဆက်၍ ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ၏အရေးကိစ္စများကို အားတက်တရော ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် မသန်စွမ်းသူများအတွက် သင့်လျော်သည့် အလုပ် အကိုင်ရရှိရေးနှင့် လူနေမှုဘဝမြင့်မားရေးကို နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများနှင့်အညီ ဆောင်ရွက်ဖို့ နိုင်ငံသား အားလုံးတွင် တာဝန်ရှိပါကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် UN မှ ပေးပို့လာသော Video Message နှင့် Video clip ကို ဖွင့်လှစ်ပြသပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မသန်စွမ်းသူများကို အားပေးချီးမြှင့်ခြင်းနှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ လှူဒါန်းသော Wheelchair (၅) စီးအား ပေးအပ်လှူဒါန်းရာ မသန်စွမ်းများကိုယ်စား မသန်စွမ်းသူနှစ်ဦးနှင့် ဟားခါးပြည်သူ့ဆေးရုံအုပ် ဒေါက်တာမောင်မောင်ဝင်း တို့က လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာကြသည့် မသန်စွမ်းသူများနှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများအား အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)