မိုင်းကိုင် ဒီဇင်ဘာ ၄
မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်းလှိုင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးလက်ဒေသများဖြစ်သည့် မိုင်းခွန်ကျေးရွာအုပ်စု၊ ဝမ်ဟွေလုံကျေးရွာအုပ်စု၊ ပန်ဆတ်ကျေးရွာ အုပ်စုတို့ကို ကွင်းဆင်း၍ ပြည်သူ့ကျန်းမာရေးပြုစု စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။
ကွင်းဆင်းမှုတွင် ရွေ့လျားဓာတ်မှန်စက်ဖြင့် တီဘီရောဂါရှာဖွေ စစ်ဆေးကုသပေးခြင်း၊ အထွေထွေ ရောဂါစစ်ဆေးကုသပေးခြင်း၊ လူထုအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ သွားကျန်းမာရေး စစ်ဆေးကုသပေးခြင်း ၊ အသက် ၅ နှစ်အောက် ကလေးငယ်များကို Vitamin – A တိုက်ကျွေးခြင်းနှင့် အာဟာရစောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် တီဘီရောဂါရှာဖွေ ဓာတ်မှန်ရိုက်လူနာ - ၄၀၃ ဦး ၊ သလိပ်စစ် လူနာ - ၁၃ ဦး ၊ အထွေထွေရောဂါ စစ်ဆေးကုသလူနာ - ၁၉၅ ဦး ၊ သွားကျန်းမာရေးကုသမှုခံယူသူ - ၆၀ ဦး ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသူ - ၅၀ ဦး ၊ အသက် ၅ နှစ်အောက် ကလေး ကျန်းမာရေးစောင့်ရှောက်မှု ခံယူသူ - ၇၀ ဦး၊ စုစုပေါင်း ၇၇၈ ဦးတို့ကို ပြည်သူ့ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ချော(မိုင်းကိုင်)