ထားဝယ် ဒီဇင်ဘာ ၃
“စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့” ဟူသောဆောင်ပုဒ်နှင့်အညီ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နှစ်စဉ်ဒီဇင်ဘာလ(၃)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားကို ကမ္ဘာ့နိုင်ငံအသီးသီးတွင်ကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်မသန်စွမ်းသူများက လူ့အဖွဲ့အစည်းအပေါ်အကျိုးပြုဆောင်ရွက်နိုင်ခြင်းများကို ကျေးဇူးပြုသောအားဖြင့်လည်းကောင်း၊ မသန်စွမ်းသူများသည် လူ့အဖွဲ့အစည်းအတွင်းအများနည်းတူ စွမ်းဆောင်နိုင်စွမ်းရှိခြင်း၊ အသုံးဝင်တန်ဖိုးရှိခြင်းတို့ကို အသိအမှတ်ပြုသောအားဖြင့်လည်းကောင်း အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားကို ၁၉၉၄ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းမသန်စွမ်းမှုကိုအကြောင်းပြု၍ခွဲခြားဆက်ဆံခြင်း၊ လျစ်လျူရှုခြင်း၊ အကြမ်းဖက်ခြင်းများမရှိစေရန် မသန်စွမ်းမှုဆိုင်ရာအသိပညာမြင့်မားစေရေးအတွက် မသန်စွမ်းမှုအမျိုးအစားအလိုက် အသိပညာပေးများဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးများပြုစုစောင့်ရှောက်မှု အသိပညာပေးသင်တန်းကို ကိုယ့်အားကိုယ်ကိုးမူကြိုဆရာမများ၊ ပရဟိတဂေဟာရှိပြုစုစောင့်ရှောက်သူများအား သင်တန်းများဖွင့်လှစ်ပေးလျက်ရှိကြောင်း တိုင်းဒေသကြီးရှိ(၄)ခရိုင်အတွင်း မသန်စွမ်းကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာအသိပညာပေးသင်တန်းများ၊ မသန်စွမ်းမှုအမျိုးမျိုးနှင့်ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ တိုင်းတာစစ်ဆေးပံ့ပိုးခြင်းဝန်ဆောင်မှု(Early Childhood Intervention Services-ECI)ဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားဆောင်ပုဒ်နှင့်အညီ ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီအနေဖြင့်မသန်စွမ်းသူများ အကျုံးဝင်ပါဝင်နိုင်သည့် လူ့အဖွဲ့အစည်းတည်ဆောက်ရာတွင် တီထွင်ဆန်းသစ်သည့်နည်းလမ်းများကိုရှာဖွေအသုံးပြုကြရန်၊ ပြည်သူများအနေဖြင့် မသန်စွမ်းသူများ အကျုံးဝင်ပါဝင်နိုင်ရေး ပူးပေါင်းပါဝင်ဖော်ဆောင်ပေးကြရန်၊ မသန်စွမ်းသူများကိုယ်တိုင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏သဝဏ်လွှာ Video Message အားလည်းကောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်ချက်များ မှတ်တမ်း Video အားလည်းကောင်း၊ မသန်စွမ်းသူများက တောင်တန်းစိမ်းနှင့်ပင်လယ်ပြာသီချင်းဖြင့်ဖျော်ဖြေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံပညာအထက်တန်းအဆင့်နှင့် အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသူများအားဆုချီးမြှင့်ပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က မသန်စွမ်းဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)