မိတ္ထီလာ ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆည်ကုန်း(အရှေ့) ကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆည်ကုန်း(အရှေ့)ကျေးရွာ၌ ကျေးရွာတွင်းလမ်း အရှည် ပေ ၈၀၀ အကျယ် ၁၂ ပေ ထု ၆လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ခွင့်ပြုရန်ပုံငွေ သိန်း ၁၅၀နှင့် ကျေးရွာနေ ပြည်သူလူထု ထည့်ဝင်ငွေ ကျပ် ၅၆ သိန်း စုစုပေါင်း ၂၀၆ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် စက်တင်ဘာလ တတိယပတ်မှ စတင်အကောင်အထည်ဆောင်ရွက်ခဲ့ရာ ၉၅ ရာခိုင်နှုန်း ပြီးစီပြီဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)