ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားတက်ရောက်

ဘားအံ ဒီဇင်ဘာ ၃

“စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့” ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားကို ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း မသန်စွမ်းသူ(၈၂၁)ဦးအား မှတ်ပုံတင်ထုတ်ပေးနိုင်ခဲ့ပြီး မသန်စွမ်းသူများအနေဖြင့် ဂုဏ်သိက္ခာရှိစွာ၊ အမှီအခိုကင်းစွာဘဝရပ်တည်နေထိုင်နိုင်ရေးအတွက် အသက်မွေးဝမ်းကြောင်းပညာရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေရရှိရေးသည်လည်းအရေးကြီးကြောင်း၊ မသန်စွမ်းသူများ၏စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် နိုင်ငံတော်အစိုးရနှင့်အတူ ကူညီဆောင်ရွက်ပေးကြသူများ၊ ပူးပေါင်းပါဝင်ပေးကြသော မသန်စွမ်းသူများအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ မသန်စွမ်းသူများပါဝင်နိုင်သည့် လူ့အဖွဲ့အစည်းတည်ဆောက်ရာတွင် မသန်စွမ်းသူများကိုယ်တိုင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို Video Message ဖြင့်ပြသပြီး မသန်စွမ်းသူများ၏ အခွင့်အရေးဆောင်ရွက်ချက်မှတ်တမ်း Video ကိုပြသကာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အဆင့်အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားတွင် အတားအဆီးမဲ့ခရီးသွားလာနိုင်ရေးဂုဏ်ပြုဆု(ဒုတိယ)ရရှိသော ဘားအံမြို့မှ Zeekapin Valley Resort & Spa ဟိုတယ်အား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အကြိုလှုပ်ရှားမှုအားကစားပြိုင်ပွဲ အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲ၊ ဘီးတပ်ကုလားထိုင်စီးအပြေးပြိုင်ပွဲ၊ သံလုံးပစ်၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်၊ စားပွဲတင်တင်းနစ်၊ အာလူးကောက်၊ ဘောလုံးပုတ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသောအသင်းများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့တက်ရောက်လာသော မသန်စွမ်းသူများ၊ စေတနာဝန်ထမ်းအဖွဲ့အစည်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

အလားတူ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့ဇနီးများသည် ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဟိန္ဒူလူမျိုးတို့၏ စရီဂျေယမူသူးမာရီယမ္မာန် မယ်တော်ကြီးဘုရားကျောင်း၌ အရပ္ပါးဆွာမိ(၄၈)ရက် ဥပုသ်၊ပဒီးပူးကျဲပူဇော်ပွဲသို့ တက်ရောက်အားပေးခဲ့သည်။

တက်ရောက်လာသော ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား စရီဂျေယမူသူးမာရီယမ္မာန်မယ်တော်ကြီး ဘုရားကျောင်း၏ ဂေါပကအဖွဲ့က ဆီမီးထွန်း၊ ပန်းကုံးစွပ်၊ ပုဝါခြုံပေး၍ ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပွဲတော်အတွက် ဆန်နှင့်ဆီများထောက်ပံ့ပေးအပ်ကာ ဂေါပကအဖွဲ့မှ တည်ခင်းဧည့်ခံသော သက်သက်လွတ် အစားအစာများကို သုံးဆောင်အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)