မြစ်ကြီးနား ဒီဇင်ဘာ ၃
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ပထမအပတ်အဖြစ် ယမန်နေ့ နံနက် ၅ နာရီခွဲက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ သီတာရပ်ကွက် ပြည်နယ်ဘောလုံးကွင်းရှေ့ စုရပ်မှ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြ သည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေ ချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများ၊ ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/ သင်တန်းသူများ၊ အခြေခံပညာကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် ဒေသခံပြည်သူများက ပြည်နယ်ဘောလုံးကွင်းရှေ့ စုရပ်မှ ရုံးကြီးလမ်း၊ ကမ်းနားလမ်း၊ ထိုမှတစ်ဆင့် စည်ပင်သာယာလမ်း မီးသတ်မီးပွိုင့်လမ်းဆုံ၊ ၎င်းနောက် ပြည်ထောင်စုလမ်းမကြီးမှ တစ်ဆင့် ဆွမ်ပရာဘွမ်လမ်းအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ပြည်နယ်ဘောလုံးကွင်းအတွင်းသို့ ဝင်ရောက်ကာ ကိုယ်ကာယလေ့ကျင့်ခန်း အတွဲ အမှတ်(၁)နှင့် (၂) လေ့ကျင့် ခန်းနှင့် Fitness Dance တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လမ်းလျှောက်ပွဲ တက်ရောက်ဆင်နွှဲသူများ အတွက် အိမ်အသုံးအဆောင်ပစ္စည်းများကို မဲဖောက်ပေးခဲ့ကြပြီး ဆုလက်ဆောင်များကို ပေးအပ် ချီးမြှင့်ခဲ့ကြကာ ဒီဇင်ဘာ လူထုအားကစားလအဖြစ် အများပြည်သူ ပူးပေါင်းပါဝင်နိုင်ရေး အားကစား ကွင်းအတွင်း ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ်အဖွဲ့ဝင် နိုင်ငံအဖြစ် လက်မှတ်ရေးထိုးပြီး ဥပဒေ၊ နည်းဥပဒေများကို ရေးဆွဲထုတ်ပြန် ပြဋ္ဌာန်းပြီး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကချင်ပြည်နယ်အနေဖြင့်လည်း ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဒေသတွင်း မြေပြင်ကွင်းဆင်းကောက်ခံမှုစာရင်းများအရ မသန်စွမ်းသူဦးရေ (၆၆၂၉) ဦး ရှိကြောင်း တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မသန်စွမ်းသူများ၏ အခွင့်အရေး မဆုံးရှုံးစေရေး၊ ကာ ကွယ်စောင့်ရှောက်မှုပေးနိုင်ရေးနှင့် လူမှုပတ်ဝန်းကျင်တွင် မသန်စွမ်းသူများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်အောင် မမေ့မလျော့ ကူညီဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ကချင်ပြည်နယ် မသန်စွမ်းသူများ အသင်းအဖွဲ့မှ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သီဆိုဖျော် ဖြေကြသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ပေးကြရာ ပြည်နယ်မသန်စွမ်းသူများ အသင်းအဖွဲ့ဥက္ကဋ္ဌ ဦးလမုန်ဂမ်ဖန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)