ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းသားအားကစားအဖွဲ့သို့ အောင်နိုင်ရေး အလံပေးအပ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မြစ်ကြီးနား ဒီဇင်ဘာ ၂

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အခြေခံပညာ အားကစားပွဲတော်သို့ သွားရောက်ပါဝင်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ် ကိုယ်စားပြု အခြေခံပညာကျောင်းသား အားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးသည် အလွန်အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ကြောင်းကို မောင်တို့မယ်တို့ သိရှိစေလိုပါကြောင်း၊ အားကစားအောင်နိုင်ခြင်းသည် အမျိုးဂုဏ်၊ ဇာတိဂုဏ် ရှင်သန်တက်ကြွစေခြင်းအတွက် အရင်းခံဖြစ်ပါကြောင်း၊ ယနေ့လူငယ်များအနေဖြင့် စာပေဘာသာရပ်သာမက ဗလငါးတန်နှင့်ပါ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် အားကစားပွဲတော်မှတစ်ဆင့် ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်ကိုယ်စားပြုအုပ်ချုပ်သူ နည်းပြ (၂၅)ဦး၊ ကစားသမား (၁၁၂)ဦးတို့က ဂါရဝပြုမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အားကစားအဖွဲ့အတွက် အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ်သိန်း (၅၀)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ကချင်ပြည်နယ်အားကစားအဖွဲ့အနေဖြင့် နေပြည်တော်၌ ဒီဇင်ဘာ ၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြုလုပ်ကျင်းပသွားမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အခြေခံပညာကျောင်းသား အားကစားပွဲတော်တွင် ပြည်နယ်ကိုယ်စားပြုအသင်းအနေဖြင့် ဘောလုံး၊ ဘောလီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ဘတ်စကတ်ဘော၊ ကြက်တောင် စသည့် အားကစားနည်း (၇)မျိုးလုံးတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက်လွတ်လပ်‌ရေးနေ့နှင့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့်အတူ စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများကို အောင်မြင်ခမ်းနားစွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ခမ်းခမ်းနားနားအောင်မြင်စွာ ကျင်းပပြုလုပ်သွားရမည်ဖြစ်သကဲ့သို့ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကိုလည်း ရိုးရာယဥ်ကျေးမှုများပေါ်လွင်အောင် ခမ်းခမ်းနားနား ကျင်းပပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တက်ရောက်လာသူများအနေဖြင့် အခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်ချက်များ၊ အခက်အခဲများနှင့် အားနည်းချက်များမရှိအောင် ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့ အခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားယဥ်ကျေးမှုအဖွဲ့များက ဖွဲ့စည်းဆောင်ရွက်ထားသည့် ဆပ်ကော်မတီအလိုက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်ချက်၊ အခက်အခဲများ ပေါင်းစပ်ညှိနှိုင်းပေးရမည့်ကိစ္စရပ်များနှင့် ယခင်နှစ် ကျင်းပပြုလုပ်ခဲ့သည့် အားနည်းချက်၊ အားသာချက်များအပေါ် သုံးသပ်ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဆပ်ကော်မတီအသီးသီးအနေဖြင့် အချိန်နှင့်တပြေးညီ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အားကစားပြိုင်ပွဲ/ ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေး၊ ကချင်ပြည်နယ်နေ့တွင် အဖွင့်နှင့်အပိတ်မနောအက စုပေါင်းကနိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)