ဆွမ်ပရာဘွမ် အ-ထ-ကကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ဆွမ်ပရာဘွမ် ဒီဇင်ဘာ  ၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို  ယမန်နေ့မွန်းလွဲ(၁)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း (မရန်ယောရှု)ကျောင်းစာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆွမ်ပရာဘွမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးမြင့်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကား ဝိုင်းဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးမြင့်နှင့် အ-ထ-ကကျောင်းအုပ်ဆရာကြီး ဦးခိုင်မင်းအောင်တို့က ညှိနှိုင်းရေးမှူးများအဖြစ် ဆောင်ရွက်ပြီး Grade-8Grade-9Grade-10Grade-11Grade-12 တို့မှ ကျောင်းသား/ကျောင်းသူများဖြစ်ကြသော မဆိုင်းကိုင်ကလူငယ်နှင့်စည်းကမ်း၊ မဘန်းဆွတ်မွန်းဆမ်ကလူငယ်နှင့် မူးယစ်ဆေးဝါး၊ မောင်မစ်ရှနန်က လူငယ်နှင့်ပတ်ဝန်းကျင်၊ မမေရီဂျာဆန်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ မဘောက်တောင်က လူငယ်နှင့်အသိ ပညာ စသည့်ခေါင်းစဉ်တို့ဖြင့်ဆွေးနွေးကြပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဆွေးနွေးသူများနှင့်ညှိနှိုင်းရေးမှူးများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့သည်။

စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသည့်ကျောင်းသား/ကျောင်းသူများနှင့် ပြန်လည်မေးမြန်းဆွေးနွေးသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ကျောင်းစာကြည့်တိုက်အတွက် မြို့နယ်ဌာနဆိုင်ရာများနှင့်အကြီးကိုကို(ကသာ)က လှူဒါန်းသော စာအုပ်/စာစောင်များကိုလှူဒါန်းရာ အ-ထ-ကကျောင်းအုပ် ဆရာကြီးဦးခိုင်မင်းအောင်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။

အခမ်းအနားအပြီးတွင် ကျောင်းသား/ကျောင်းသူများက  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်/စာစောင်များနှင့်အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဧပရယ်မိုး(ဆွမ်ပရာဘွမ်)