မြဝတီ ဒီဇင်ဘာ ၁
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှု၊ မြဝတီခရိုင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှုနှင့် ဟိုတယ်လုပ်ငန်းရှင်များ၏ ပံ့ပိုးမှုဖြင့် ဖွင့်လှစ်ခဲ့သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြဝတီမြို့ Vantage Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် မြဝတီခရိုင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချောကြည်ကြည်က သင်တန်းသားများအနေဖြင့် ပို့ချပေးသည့် ပညာရပ်များကို လက်တွေ့နယ်ပယ် လုပ်ငန်းခွင်တွင် ဟိုတယ်ဝန်ဆောင်မှုအရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားကြစေလိုကြောင်းဖြင့် သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ဆက်လက်၍ သင်တန်းတွင် ဘာသာရပ်အလိုက် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိခဲ့သည့် သင်တန်းသား၊ သင်တန်းသူ ၉ ဦးတို့အား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချောကြည်ကြည်၊ Union Hotel မှ မန်နေဂျာ ဦးအောင်ကျော်နှင့် Westay Hospitality Group မှ Operation Manager ဦးသော်သော်လွင်တို့က ဆုများ အသီးသီးချီးမြှင့်ပေးသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချောကြည်ကြည်က သင်တန်းနည်းပြ ၂ ဦးတို့အား ဂုဏ်ပြုလွှာ၊ ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခြင်းနှင့် သင်တန်းသားတစ်ဦးချင်းအလိုက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး၍ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)