မိုင်းတုံ ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရှိ အစည်းဝေးခန်းမ၌ မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ၂ နာရီ ၃၀ မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ ဦးလွင်မိုးက ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုပေါင်း၍ လစဉ်ပုံမှန် အစည်းအဝေးပြုလုပ်ပေးခြင်းသည် မိမိတို့လုပ်နေသည့် လုပ်ငန်းများအပေါ် တိုးတက်မှုနှင့် ကြုံတွေ့ရသည့်အခက်အခဲများကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ပေးခြင်း၊ မိမိတို့ကြုံရသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှသာ လုပ်ငန်းတိုးတက်အောင်မြင်မှုရရှိခြင်း၊ ရပ်ကျေးစာရေးများကလည်း မိမိတို့ လုပ်ရမည့် လုပ်ငန်းကို အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်အောင် ဆောင်ရွက်သွားစေရန် စသည်တို့ကို ပြောကြားပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းနွမ်းဖောင်က အိမ်ထောင်စုလူဦးရေစာရင်းနှင့်ပတ်သက်၍ မှန်ကန်မှုရှိစေရေးကို ဆွေးနွေးခြင်း၊ မြို့နယ်လဝကဦးစီးအရာရှိ ဦးအောင်အောင်ထွန်းက မှတ်ပုံတင်လုပ်ငန်းနှင့်ပတ်သက်သည်များကို ရှင်းလင်း၍ အသက် (၁၆)နှစ်ပြည့်ပြီး မှတ်ပုံတင်မရှိသေးသည့်သူများကို ဦးစားပေးလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှ မိမိတို့ဆောင်ရွက်နေမှုနှင့် ကြုံတွေ့ရသည့် အခက်အခဲများကို အပြန်အလှန်ဆွေးနွေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးက ဆွေးနွေးမှုအပေါ် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)