ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံပညာကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်စေရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်

ဟားခါး ဒီဇင်ဘာ ၁

ချင်းပြည်နယ် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသား လူငယ်များဖြစ်စေရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အီးကေကိမ်းငင်းခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က “နိုင်ငံတစ်နိုင်ငံ၏ လူမှုရေးနှင့် ယဉ်ကျေးမှု အဆင့်အတန်းကို လူငယ်များ၏ အကျင့်စာရိတ္တနှင့် စိတ်ပိုင်းဆိုင်ရ်အမြင်များဖြင့် ဖော်ပြနေကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှသာလျှင် လူကောင်းတစ်ဦးဟု သတ်မှတ်နိုင်မည်ဖြစ်ပြီး ပညာထူးချွန်ပြီး စွမ်းဆောင်ရည်ပြည့်ဝမှသာ လူတော်ဟု သတ်မှတ်နိုင်မည် ဖြစ်ကာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လူကောင်း၊ လူတော်များ ဖြစ်လာရေးနှင့် ပညာထူးချွန်အောင် မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာဖွံ့ဖြိုး၊ ကာယတိုးမှ ကာယဗလ ပြည့်စုံမည်၊ စာအုပ်စာပေများ ဖတ်ရှုမှ ဉာဏဗလ ပြည့်စုံမည်၊ ကိုယ်ကျင့်တရား စောင့်ထိန်းနိုင်မှ စာရိတ္တဗလပြည့်စုံမည်၊ မိတ်ကောင်းဆွေကောင်း ပေါင်းသင်းများမှ မိတ္တဗလ ပြည့်စုံမည်၊ ရှာဖွေသည့် ပစ္စည်းဥစ္စာ စနစ်တကျထိန်းသိမ်းနိုင်မှ ဘောဂဗလ ပြည့်စုံမည်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များကို ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ကဏ္ဍမြှင့်တင်ခြင်း လုပ်ငန်းများသည် ဝန်ကြီးဌာန တစ်ခုတည်းက ဆောင်ရွက်၍ အောင်မြင်မှု ရရှိနိုင်မည့် လုပ်ငန်းမျိုးမဟုတ်ဘဲ ဆက်စပ်ဝန်ကြီးဌာနများနှင့် တာဝန်ရှိသူအားလုံးက အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူကာ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည့် လုပ်ငန်း ဖြစ်ပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးဗလငါးတန်နှင့် ပြည့်စုံသော လူကောင်း၊ လူတော်များ ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးအပ်ပါကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတင်မောင်လွင်က ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်စေရေး အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဇာတိမာန် သီချင်း”ဖြင့် လည်းကောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ထာဝရသစ္စာ တေးသရုပ်ဖော်အကဖြင့်လည်းကောင်း၊ အ.ထ.က (၂) ကျောင်းသား/သူများက မင်္ဂလာပါ တေးသီချင်းနှင့် ချင်းရိုးရာအကများဖြင့် သရုပ်ဖော် ကပြဖျော်ဖြေ ကြသည်။

ထို့နောက် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်စေရေး အသိပညာပေး ဟောပြောပွဲ အထိမ်းအမှတ် ကျောင်းအလိုက် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ရိုးရာအကအဖွဲ့များနှင့် ဇာတိမာန်၊ ထာဝရသစ္စာနှင့် မင်္ဂလာပါ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြသော ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်ကလည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် ဒုတိယ၊ တတိယဆုရရှိသူများအား တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လည်းကောင်း ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် အစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟားခါးခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်နီလာဝင်းက “လူငယ်နှင့် စာဖတ်ခြင်း အကျိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ်သတ္တုတွင်း ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသိန်းဝင်းက “ပုံသေအတွေးအခေါ်များကို ဖြောင့်မတ်မှန်ကန်သော အတွေးအခေါ်ဖြစ်စေရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်နယ်အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှညွှန့်က “လူငယ်နှင့် အသက်မွေးဝမ်းကျောင်းပညာရပ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်နယ် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်မောင်လွင်က “တိုင်းရင်းသားတို့၏ စကား၊ စာပေများကို နိုင်ငံတော်၏ ပညာရေးမူဝါဒကို မထိခိုက်စေဘဲ သင်ကြားခွင့်၊ သင်ယူခွင့်ရှိသည်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဦးဂိုဇာခုပ်က “လူငယ်နှင့် ကာယကြံ့ခိုင်မှု ပြုလုပ်ခြင်းအကျိုး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဒေါ်နီနီခိုင်က “ဆောင်းရာသီ၌ ဖြစ်တတ်သော ရောဂါငယ်လေးများအပေါ်တွင် မီးဖိုချောင်သုံး ဆေးပစ္စည်း၊ ဆေးပင် အသုံးဝင်ပုံ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဦးစံကုန်းက “သဘာဝဘေးနှင့် စပ်လျဉ်း၍ ဘေး(၄)မျိုး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဦးလှမိုးနိုင်က “လူငယ်နှင့် စားသုံးမှုအကာအကွယ်”ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး အသိပညာပေးဟောပြောကြပြီး ဟောပြောချက်များအပေါ် မေးခွန်းများမေးမြန်းပြီး ဖြေဆိုနိုင်သည့် ကျောင်းသား၊ကျောင်းသူများအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် ( ပြန်/ဆက် )