လားရှိုး ဒီဇင်ဘာ ၁
လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံနှင့် သိန္နီမြို့များဘက်မှ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာသူများကို လားရှိုးမြို့တွင်းသို့ သက်ဆိုင်ရာက စိစစ်ပြီးမှ ဝင်ခွင့်ပြုခဲ့ပြီး စေတနာရှင် အလှူရှင်များက ထမင်းထုပ်နှင့် အခြားစားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ယာယီနေရပ်စွန့်ခွာသူများသည် လားရှိုးမြို့သို့ အများအပြား ရောက်ရှိလာခဲ့ပြီး သက်ဆိုင်ရာကလည်း စိစစ်၍ လက်ခံကာ မြို့တွင်းသို့ ဝင်ရောက်ခွင့်ပေးခဲ့ကြောင်း သိရသည်။
“မြို့တွင်းကို ဝင်ရောက်ဖို့အတွက် သေချာစိစစ်ပြီး လက်ခံသွားမှာပါ။ လားရှိုးမြို့က ဒေသခံလား။ ဒေသခံမဟုတ်ရင်လည်း ဘယ်မှာတည်းခိုမှာလဲ။ ဘယ်ကိုပြန်မှာလဲ။ မြို့တွင်းက ဒေသခံဘယ်သူနဲ့သိတာလဲ စသဖြင့် အချက်အလက်တွေပေးပြီးမှ ဝင်ခွင့်ပြုတာပါ။” ဟု မြို့အဝင်စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ လောက်ကိုင်ကနေ လမ်းလျှောက်လာခဲ့ကြရတယ်။ တချို့တွေလည်း ဆိုင်ကယ်နဲ့ ပြန်လာတာတွေရှိတယ်။ လမ်းမှာဆိုင်ကယ်ပျက်လို့ ဆိုင်ကယ်တွေ ထားခဲ့ကြရတာတွေရှိတယ်။ တချို့လည်း လမ်းမှာ ဆိုင်ကယ်ဆီပြတ်လို့ ထားခဲ့ရတာတွေလည်း ရှိတယ်။”ဟု နေရပ်ပြန်လာသူတစ်ဦးက ဆိုသည်။
လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ သိန္နီမြို့များဘက်မှ လားရှိုးမြို့သို့ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာသူများကို ဒေသခံစေတနာရှင်၊ အလှူရှင်များကလည်း စားသောက်ရေးအဆင်ပြေစေရန် ထမင်းထုပ်များ၊ ရေသန့်ဘူးများ ပေးဝေလျက်ရှိနေကြောင်းလည်း သိရသည်။
စိုင်းထွန်း (လားရှိုး)