အမရပူရ ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆောင်းဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း စီမံကိန်း ဆောင်ရွက်ရန်အတွက် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမရပူရမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာမိုးဆွေရည်က စီမံကိန်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး စီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့် ဆီစက်လုပ်ငန်းရှင်အဖွဲ့၊ သွင်းအားစုအဖွဲ့နှင့် တောင်သူအစုအဖွဲ့တို့ ချုပ်ဆိုသည့် သုံးဦးသုံးဖလှယ်စာချုပ်ကို အဆိုပါအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အမရပူရမြို့နယ်အတွင်း ဆောင်းဆီထွက်သီးနှံ (မြေပဲ၊နေကြာ)ကို ဧက ၃၅၀ စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုစီမံကိန်းကို နိုင်ငံတော်အစိုးရက တောင်သူများ စိုက်ပျိုးရေးသွင်းအားစုများ ထည့်သွင်းအသုံးပြုခြင်းဖြင့် တစ်ဧကအထွက်နှုန်း ပိုမိုတိုးတက်လာစေရေး ရည်ရွယ်ချက်များဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေများ ထူထောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါက်တာမိုးဆွေရည်ထံမှ သိရသည်။
စိုးသီဟ(အမရ)