မိုင်းကိုင် ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကို အခြေခံပညာအထက်တန်းကျောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့မနက် (၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ မြတ်သီရိခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နန်းလှိုင်လှိုင်ဦးက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာ၊ ဗဟုသုတပိုမိုရရှိစေရေး၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လိမ္မာပါးနပ်စွာ ပြောဆိုဆက်ဆံတတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး အသိပညာ၊ အတွေ့အကြုံဖလှယ် ဆွေးနွေးခြင်းဖြင့် အတွေ့အကြုံအသစ်များရရှိစေရေး၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရေး စီစဉ်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဒုတိယဦးစီးမှူးဒေါ်နန်းအေးအေးသိန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် စီစဉ်ဆောင်ရွက်၍ Grade- 10 မှ မောင်သန့်ထက်ဇော်၊ နန်းယေအိုင်ခုန်းကျို၊ နန်းဆိုင်ဟတ်၊ မနွေးထွေးအောင်၊ နန်းရွှေအိမ်တို့က “လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်စာပေဗဟုသုတ၊ လူငယ်နှင့် ဂိမ်းစွဲလန်းမှု၊ လူငယ်နှင့်ယဉ်ကျေးမှု” စသည့်ခေါင်းစဉ်များကို အသီးသီးဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များက မိမိတို့၏ အမြင်များနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးကာ ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းခင်မြင့်သန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ စာပေဗဟုသုတ တိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲအား ခင်းကျင်းပြသရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)