လားရှိုးမြို့၊ မြို့မဈေးကြီးတွင်  ပြည်သူများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

လားရှိုး ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများအတွက် စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိနေကြောင်း သိရသည်။

စားသုံးဆီများကို ပြည်သူတစ်ဦးလျှင် ဆီတစ်ပိဿာစီ ရောင်းချပေးလျက်ရှိနေပြီး တစ်ပိဿာလျှင် ၅၈၀၀ ကျပ်ဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

“လူတစ်ဦးကို ဆီတစ်ပိဿာစီ ၅၈၀၀ ကျပ်နဲ့ ရောင်းပေးတော့ ဝယ်တဲ့သူတွေ ကြိတ်ကြိတ်တိုးပဲ။ အပြင်မှာက ဆီတစ်ပိဿာကို တစ်သောင်းကျပ်ကျော်လောက်ရှိတယ်လေ။ ဒီမြို့မှာတော့ စားသုံးဆီတွေ ဒီဈေးနဲ့ ရောင်းပေးတဲ့ဆိုင် ၉ ဆိုင်ရှိတယ်လို့ သိရတယ်”ဟု ပြည်သူတစ်ဦးက ဆိုသည်။

စားသုံးဆီများကို ဦးကိုကိုမျိုး ဈေးဆိုင်၊ ဦးထွန်းထွန်းဝင်းကုန်စုံဆိုင်၊ စိုးမိုးကုန်စုံဆိုင်၊ ဒေါ်နွေးလေးကုန်စုံဆိုင်၊ အောင်ဆီစက်၊ ဒေါ်တင်စိန်ကုန်စုံဆိုင်၊ နဂါးမင်းစတိုး၊ ဦးကံယျကုန်စုံဆိုင်၊ ဒေါ်စုကုန်စုံဆိုင်တို့တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)