ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို၊ ယမန်နေ့ ညနေ(၅)နာရီက မြို့နယ်ဘောလုံးကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် လူငယ်များ၏စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ရန်၊ ထူးချွန်ထက်မြက်သော  အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ကျင်းပသည့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို၊ နိုဝင်ဘာ(၂၀)ရက်နေ့မှစတင်၍ အုပ်စု(၂)စုခွဲကာ၊ ပြိုင်ပွဲဝင် ကလပ်အသင်း(၆)သင်းဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲဝင် ကလပ်အသင်းများမှာ တောင်ပေါ်တောင်အသင်း၊ Junior Zeus အသင်း၊ Unity အသင်း၊ Shwe Kan အသင်း၊ BOB အသင်း၊ Glior Troopers အသင်းတို့ဖြစ်ကြပြီး၊ ယနေ့ကျင်းပသည့် နောက်ဆုံးဗိုလ်လုပွဲတွင် Unity အသင်းနှင့် BOB အသင်းတို့ယှဉ်ပြိုင်ခဲ့ကြရာ Unity အသင်း က BOB အသင်းကို ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရဗိုလ်ဆွဲခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အကောင်းဆုံးအားကစားသမားဆု၊ ဂိုးဆု၊ နောက်တန်းဆု၊ အလယ်တန်းဆု၊ အသန့်ရှင်းဆုံးဆုများနှင့် တစ်ဦးချင်း ဆုတံဆိပ်များကို  ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြပြီး၊ ကွင်းလယ်ဒိုင်အတွက် ဂုဏ်ပြုလက်ဆောင်ကို  မြို့နယ်အားကစားမှူးက ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ဒုတိယဆုငွေသားကျပ် သုံးသိန်းနှင့်ဆုဖလားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမျိုးမင်းက BOB အသင်းအုပ်ချုပ်သူနှင့် အားကစားသမားများထံ ပေးအပ်ချီးမြှင့်ပြီး၊ ပထမဆု ငွေသားကျပ် ၅ သိန်းနှင့် ဆုဖလားကြီးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်က ပေးအပ်ချီးမြှင့်ရာ Unity အသင်း တာဝန်ရှိသူများနှင့် အားကစားသမားများက လက်ခံရယူကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ ဘောလုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးနှင့်ကျန်းမာရေးတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်း အားကစားသမားများနှင့်တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)