မိတ္ထီလာ ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြိုနယ်တွင် GW-11 မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ညောင်ကိုင်းကျေးရွာ ကွင်းအမှတ် ၈၅၅၊ ဦးပိုင်အမှတ် ၂၁/၂ ရရှိ တောင်သူ ဦးဝင်းအောင်၏ စိုက်ဧက နှစ်ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မိတ္ထီလာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းနှင့် မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးက ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်၌ မိုးစပါးတင်း (၁၀၀)အထက်ထွက်ရှိရေး GW-11 မျိူးစပါး စိုက်ဧက ၁၅၀ စိုက်ပျိုးထားရှိရာ အဆိုပါ GW-11 မျိူးစပါး စိုက်ဧက ၁၅၀ ကို မင်းတဲကုန်းကျေးရွာရှိ ကွင်းအမှတ် ၇၃၂ တွင် တောင်သူ ၂၀ ဦးမှ စိုက်ဧက ၇၅ ဧကနှင့် ညောင်ကိုင်းကျေးရွာရှိ ကွင်းအမှတ် ၈၅၄၊ ၈၅၅၊ ၈၅၆ တို့တွင် တောင်သူ ၄၉ ဦးမှ စိုက်ဧက ၇၅ ဧကတို့ကို စိုက်ပျိုးထားရှိရာ ၎င်း GW-11 မျိူးစပါး စိုက်ဧကများအနက်မှ ကွင်းအမှတ် ၈၅၅၊ ဦးပိုင်အမှတ် ၂၁/၂ ရရှိ တောင်သူ ဦးဝင်းအောင်၏ GW-11 မျိူးစပါးစိုက်ဧက နှစ်ဧကတွင် စံကွက်ရိတ်သိမ်းပွဲကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ဒေသခံတောင်သူများက သိလိုသည်များကို မေးမြန်းရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် GW-11 မျိူးစပါးစိုက်ဧက နှစ်ဧကကိုရိတ်သိမ်းရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်အေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများက ကြည့်ရှု့အားပေးခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့်တာဝန်ရှိသူများက မိုးစပါးစိုက်တောင်သူများအား ပဲချဉ်ပေါင်မျိုးစေ့များအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ GW-11 မိုးစပါးစံကွက် ရိတ်သိမ်းပွဲတွင် တစ်ဧက စပါး တင်း (အစို) ၁၄၆.၂၅တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)